အင်္ဂလန်အသင်းနောက်ခံလူ မက်ဂွိုင်းရားသည် အသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီး အုပ်စုနောက်ဆုံးပွဲစဉ် ပါဝင်ကစားနိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။
မန်ချက်စတာယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားသည် ခြေချင်းဝတ်ဒဏ်ရာကြောင့် မေလဆန်းပိုင်းကတည်းက အနားယူနေရပြီး ယင်းဒဏ်ရာကြောင့် မန်ယူအသင်း၏ ရာသီပိတ်ပွဲစဉ်များနှင့် ယူရိုပါလိဂ်ဗိုလ်လုပွဲကို လွဲချော်ခဲ့သလို အင်္ဂလန်အသင်း၏ ယူရိုပြိုင်ပွဲအကြို ခြေစမ်းပွဲနှစ်ပွဲကိုလည်း လွဲချော်ခဲ့ရသည်။
သို့သော် အင်္ဂလန်နည်းပြ ဆောက်ဂိတ်သည် ဝေဖန်မှုများရှိနေသည့်ကြားမှ မက်ဂွိုင်းရားကို အသင်းတွင် ရွေးချယ်ခဲ့ပြီး ယခုအခါ ၎င်းသည် ကြာသပတေးနေ့မှစ၍ အသင်းဖော်များနှင့်အတူ လေ့ကျင့်ခန်းစတင်ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
မက်ဂွိုင်းရားအနေဖြင့် အသင်းနှင့်အတူ လေ့ကျင့်မှုများ ပြုလုပ်နေသော်လည်း ပွဲကစားနိုင်ဖွယ် မရှိသေးဘဲ ချက်အသင်းနှင့် ကစားမည့် အုပ်စုနောက်ဆုံးပွဲတွင်မှ လူစာရင်း၌ ပါဝင်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
အင်္ဂလန်အသင်းသည် ယူရို-၂၀၂၀ ပြိုင်ပွဲ အုပ်စု (D) တွင် ပါဝင်နေပြီး ဇွန် (၁၃) ရက်တွင် ခရိုအေးရှား၊ ဇွန် (၁၈) ရက်တွင် စကော့တလန်၊ ဇွန် (၂၂) ရက်တွင် ချက်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။