ပထမအကျော့တွင် ၂ ဂိုးပြတ်အနိုင်ရရှိခဲ့သော်လည်း ဗိုလ်လုပွဲသို့တက်ရောက်နိုင်ပြီဟု ယူဆရန် မဖြစ်နိုင်သေးကြောင်း နောက်ထပ် အလုပ်များစွာ ပြုလုပ်ရဦးမည်ဖြစ်ကြောင်း အင်တာမီလန်နည်းပြချုပ် အင်ဇာဂီက ပြောဆိုလိုက်သည်။
အေစီမီလန်ကိုအနိုင်ရသောပွဲအပြီးတွင် အင်ဇာဂီက “ကျွန်တော်တို့အသင်းက နှစ်ဂိုးထက်ပိုပြီး သွင်းနိုင်သင့်ပါတယ်။ တကယ့်ကို ပွဲကောင်းတစ်ပွဲကို ကစားခဲ့တာပါ။ ပထမအကျော့မှာအသာစီးယူလိုက်နိုင်ပြီ လို့တော့ပြောလို့ရပါတယ်။ ဒုတိယအကျော့မှာတော့ အင်တာပရိသတ်ရှေ့မှာကစားရမှာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲ တက်ရောက်နိုင်ရေးဆိုတဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက်ကတော့ အများကြီးကြိုးစားရဦးမှာ ဖြစ်ပါတယ်။ မနေ့ကတည်းက ဗိုလ်လုပွဲတက်နိုင်ရေးအတွက် စိတ်ရောကိုယ်ပါ ကြိုးစားဖို့ ကစားသမားတွေကို ကျွန်တော်ပြောခဲ့ပါတယ်။ သူတို့ကလည်း ဆန်စီရိုကွင်းမှာ တစ်လက်မမှ ချန်မထားပဲ နေရာတိုင်းမှာ တိုက်ပွဲဝင်ခဲ့ပါတယ်။ အခုကတော့ ပျော်ရွှင်ရမယ့်အချိန်ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ထပ်ကြိုးစားဖို့ ကျန်နေပါသေးတယ်”ဟု ပြောဆိုလိုက်သည်။
နောက်တစ်ပတ်ကစားရမည့် ဒုတိယအကျော့တွင်လည်း ကြိုးစားအားထုတ်မှုကို လျှော့ချ၍ မဖြစ်နိုင်ကြောင်း ဇက်ကိုကလည်း အင်တာမီလန်အသင်းဖော်များကို သတိပေးပြောဆိုလိုက်သည်။ “နောက်တစ်ပွဲကြိုးစားရမယ်။ နောက်တစ်ပွဲမှာ စာရွက်ပေါ်မှာတော့ အေစီမီလန်အသင်းအတွက် အဝေးကွင်းပေါ့။ ဒါပေမယ့် ဆန်စီရိုဆိုတာက သူတို့အတွက် အိမ်ကွင်းပဲလေ။ ကျွန်တော်တို့ပရိသတ်တွေ ကွင်းထဲမှာ ရှိနေတာပဲ ကွာမှာပါ။ ဂရုစိုက်ပြီးကစားမှ ဖြစ်မယ်။ ဒီနေ့လိုကစားနိုင်ရင်တော့အနိုင်ရမှာပါ”ဟု ဇက်ကိုကပြောသည်။
အေစီမီလန်အသင်းနည်းပြချုပ်ပီအိုလီက “ဒုတိယအကျော့မှာပိုပြီး ကြိုးစားရမှာပေါ့ဗျာ။ ပထမအကျော့မှာ နည်းစနစ်ပိုင်းရော စိတ်ဓာတ်ပိုင်းမှာပါ အေစီမီလန်က လိုအပ်ချက်ရှိသွားတယ်။ ဒုတိယအကျော့မှာ မတူညီတဲ့ ခြေစွမ်းမျိုးပြနိုင်ဖို့ ကြိုးစားရမယ်။ အသင်းသားတွေအနေနဲ့လည်း ပထမအကျော့မှာ စိတ်ပျက်စရာဖြစ်ပေမယ့် ဒုတိယအကျော့ကျန်နေသေးတယ်ဆိုတာကို သိထားရမယ်”ဟု ပြောဆိုလိုက်သည်။