အင်တာမီလန်ကွင်းလယ်ကစားသမားသစ် ချာဟာနိုဂလူးက အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ခွင့်ရခဲ့သည့်အတွက် ပျော်ရွှင်ကြောင်းနှင့် အသင်းနှင့်အတူ ဆုဖလားများ ရယူလိုကြောင်း ပြောကြားခဲ့သည်။
အေစီမီလန်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့သည့် ချာဟာနိုဂလူးသည် ဇွန်လ (၂၂)ရက်တွင် အေစီမီလန်၏ ခါးသီးမြို့ခံပြိုင်ဘက် အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး အသင်းနှင့်အတူ ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ကြောင်း သိရှိရသည်။
အသက် (၂၇) နှစ်အရွယ်ရှိ တူရကီကွင်းလယ်ကစားသမား ချာဟာနိုဂလူးသည် အေစီမီလန်အသင်းတွင် တစ်နှစ်လစာ ယူရို (၂.၅)သန်းသာရရှိခဲ့သော်လည်း အင်တာမီလန်အသင်းတွင် တစ်နှစ်လစာ ယူရို(၅)သန်းဝန်းကျင်ရရှိမည်ဟု အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။
ချာဟာနိုဂလူးက ”အင်တာမီလန်အသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့တဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ အင်တာမီလန်ဟာ ကြီးကျယ်ခမ်းနားတဲ့ ကလပ်အသင်းဖြစ်သလို၊ အရူးအမူးအားပေးတဲ့ ပရိသတ်တွေ ရှိပါတယ်။ အင်တာမီလန်အသင်းရဲ့ အကြောင်းကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ ကျွန်တော့်အနေနဲ့ လာမယ့်ရာသီမှာ အင်တာမီလန်အသင်းနဲ့အတူ ပြီးခဲ့တဲ့ရာသီတုန်းကလို ပဲ စီးရီးအေချန်ပီယံဆုကို ရယူလိုပြီး ဆုဖလားတွေအများကြီး ရယူချင်ပါတယ်”ဟု ပြောကြားခဲ့သည်။
ချာဟာနိုဂလူးသည် ၂၀၁၁ ခုနှစ် တွင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့ပြီး ကာလ်ရူဟာ၊ ဟမ်း ဘတ်၊ လေဗာကူဆင်နှင့် အေစီမီလန်အသင်းတို့တွင် ကစားခဲ့သူဖြစ်သည်။
၎င်းသည် ကစားသမားဘဝတွင် ဆုဖလားရယူဖူးခြင်းမရှိသေးသဖြင့် အင်တာမီလန်အသင်းနှင့် ဆုဖလားများ ရယူလိုနေခြင်းဖြစ်သည်။