အေစီမီလန်နည်းပြ ပီအိုလီက ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် အက်သလက်တီကိုအသင်းအား ရှုံးနိမ့်ခဲ့ခြင်းအတွက် ကွင်းလယ်ဒိုင်ဖြစ်သူ ဂျက်ကစ်ကို ပြစ်တင်ဝေဖန်ခဲ့သည်။
အေစီမီလန်အသင်းသည် စက်တင်ဘာ (၂၈)ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်၌ အက်သလက်တီကိုအသင်းကို အိမ်ကွင်းတွင် (၁-ဝ)ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။
သို့သော် ပွဲချိန် (၂၉)မိနစ်တွင် အေစီမီလန်ကွင်းလယ်လူ ကက်ဆီး (၂)ဝါ (၁)နီဖြင့် ထုတ်ပယ်ခံခဲ့ရသလို၊ နာကျင်အချိန်ပိုတွင် ပယ်နယ်တီပေးခဲ့ရခြင်းကြောင့် ပွဲအပြီးတွင် အက်သလက်တီကိုအသင်းကို (၁-၂)ဂိုးဖြင့် အရှုံးပေးခဲ့ရသည်။
အဆိုပါပွဲစဉ်အပြီးတွင် အေစီမီလန်အသင်းနည်းပြ ပီအိုလီက ကွင်းလယ်ဒိုင် ဂျက်ကစ်၏စွမ်းဆောင်မှုကို ဝေဖန်ခဲ့ခြင်းဖြစ်သည်။
ပီအိုလီက “ဒိုင်လူကြီးအနေနဲ့ ကောင်းကောင်းမစွမ်းဆောင်နိုင်ခဲ့ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့အသင်း ပယ်နယ်တီပေးခဲ့ရသလို၊ ကစားသမား (၁၀)ယောက်တည်းနဲ့ ကစားခဲ့ရတယ်။ ကျွန်တော်တို့ အနိုင်ရဖို့နီးစပ်ခဲ့ပေမဲ့ ဖြစ်မလာတဲ့အတွက် စိတ်ပျက်ရပါတယ်။ ပယ်နယ်တီနဲ့ အနီကတ်ပြခဲ့တဲ့ အနေအထားက ၅၀ -၅၀ ပါပဲ။ ကစားသမားတစ်ယောက် အထုတ်ခံလိုက်ရချိန်မှာတောင် ကျွန်တော်တို့ အမှတ်ရယူနိုင်စွမ်းရှိခဲ့ပေမဲ့ အာရုံစူးစိုက်မှုလျော့နည်းခဲ့လို့ ဘာမှ မရခဲ့ပါဘူး”ဟု ပြောကြားခဲ့သည်။
အေစီမီလန်အသင်းသည် ချန် ပီယံလိဂ် အုပ်စု(B)တွင် လီဗာပူးလ်၊ အက်သလက်တီကို၊ ပေါ်တိုအသင်းနှင့် အတူကျရောက်နေပြီး အုပ်စုပွဲစဉ်(၂) အပြီးတွင် အမှတ်မရသေးဘဲ ဇယားအောက်ဆုံးတွင် ရပ်တည်နေသည်။
ပီအိုလီက မိမိတို့အနေဖြင့် အက်သလက်တီကိုအသင်းကို ရှုံးနိမ့်ခဲ့သည့်ကို လွမ်းဆွတ်နေရန် အချိန်မရှိကြောင်းနှင့် လက်ရှိတွင် အတ္တလန်တာနှင့်ပွဲကို အာရုံစိုက်နေကြောင်း ဆိုခဲ့သည်။