မန်စီးတီးအသင်းသည် အက်စတွန်ဗီလာအသင်းမှ အသင်းကွင်းလယ်ကစားသမားဟောင်း ဒူးဂလပ်စ်လူးဝစ်ဇ်အား ပြန်လည်ခေါ်ယူရန် စီစဉ်နေကြောင်း Manchester Evening News က ဖော်ပြခဲ့သည်။
အသက် ၂၅ နှစ်အရွယ်ရှိ ဒူးဂလပ်စ်လူးဝစ်ဇ်သည် ၂၀၁၇ ခုနှစ်တွင် ဘရာဇီးလ်ကလပ် ဗာစကိုဒဂါးမားအသင်းမှ မန်စီးတီး အသင်းထံသို့ ယူရို ၁၂ သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။ ၎င်းသည် မန်စီးတီးအသင်းတွင် နေရာမရဘဲ ၂၀၁၇ ခုနှစ်မှာပင် မန်စီးတီး အသင်း၏ပိုင်ရှင်များဖြစ်သည့် City Football Group က ပိုင်ဆိုင်သည့် စပိန်ကလပ် ဂျီရိုနာအသင်းထံ နှစ်ရာသီဆက်တိုက် အငှားချခံခဲ့ရသည်။
ယင်းနောက် ၂၀၁၉ ခုနှစ်တွင် မန်စီးတီးအသင်းသည် ဒူးဂလပ်စ်လူးဝစ်ဇ်အား အက်စတွန်ဗီလာအသင်းထံသို့ ယူရို ၁၆ ဒသမ ၈ သန်းဖြင့် ရောင်းထုတ်ခဲ့ခြင်းဖြစ်သည်။ ဒူးဂလပ်စ်လူူးဝစ်ဇ်သည် အက်စတွန်ဗီလာအသင်းတွင် ခြေစွမ်းပြနေပြီး ယခုရာသီ ပြိုင်ပွဲစုံ ၂၈ ပွဲတွင် ခြောက်ဂိုးသွင်းကာ ဂိုးဖန်တီးမှု ငါးကြိမ်အထိ ပြုလုပ်ထားသည်။
ထို့ကြောင့် ဒူးဂလပ်စ်လူးဝစ်အား ခေါ်ယူရန် အာဆင်နယ်၊ လီဗာပူးလ်တို့အပြင် ဥရောပထိပ်တန်း အသင်းကြီးအချို့က စိတ်ဝင်စားနေကြပြီး ယခုအခါ မန်စီးတီးအသင်းကပါ ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားလာခြင်း ဖြစ်သည်။ မန်စီးတီးအသင်းသည် လာမည့် ဇန်နဝါရီတွင် အသင်းတွင် ခြေစွမ်းမပြနိုင်သည့် ကွင်းလယ်ကစားသမား ကယ်လ်ဗင်ဖီးလစ်ကို ရောင်းထုတ်ရန်စီစဉ်နေပြီး ၎င်းနေရာတွင် ဒူးဂလပ်စ်လူးဝစ်ဇ်ကို အစားခေါ်ယူလိုနေကြောင်း သိရသည်။
ဘရာဇီးလ်ကွင်းလယ်ကစားသမား ဒူးဂလပ်စ်လူးဝစ်ဇ်သည် လက်ရှိတွင် အက်စတွန်ဗီလာအသင်းနှင့် ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိစာချုပ်တစ်ရပ်ချုပ်ဆိုထားပြီး အက်စတွန်ဗီလာအသင်းက ၎င်းကို ရောင်းချလိုခြင်းမရှိကြောင်း သိရသည်။