လာမည့်နွေရာသီတွင် ဒေါ့မွန်အသင်းကြယ်ပွင့်ကစားသမား ဟော်လန်းကို ခေါ်ယူရန် ပစ်မှတ်ထားနေသည့် အသင်းများအနက် တစ်သင်းအပါအဝင်ဖြစ်သော မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက နွေရာသီကာလ၌ တိုက်စစ်မှူးတစ်ဦး ခေါ်ယူရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အသက် ၂၁ နှစ်သာရှိသေးသည့် နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟော်လန်းနှင့် ဒေါ့မွန်အသင်း၏ စာချုပ်သက်တမ်းမှာ ၂၀၂၄ ခုနှစ် အထိ ကျန်ရှိနေသော်လည်း ယခုနှစ် နွေရာသီတွင် စာချုပ်လျော်ကြေး ယူရိုသန်း ၈၀ ဝန်းကျင်ဖြင့် ထွက်ခွာခွင့်ရမည့်အချက် ပါဝင်နေသည်။

၎င်းအား ဘွန်ဒစ်လီဂါပြိုင်ဘက် ဘိုင်ယန်မြူးနစ်၊ PSG၊ ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ မန်စီးတီးစသည့် ဥရောပထိပ်တန်းကလပ်များစွာက ပစ်မှတ်ထားနေပြီး ဒေါ့မွန်အသင်းကလည်း ရာသီမကုန်မီ အနာဂတ်ကို ဆုံးဖြတ်ရန် ဖိအားပေးထားကြောင်း သိရသည်။
မန်စီးတီးအသင်းအနေဖြင့် ပြီးခဲ့သည့်နှစ် နွေရာသီတွင် ၀ါရင့်တိုက်စစ်မှူး အဂွဲရိုးနှင့်လမ်းခွဲ ပြီးနောက် စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းကို ပြန်လည်ခေါ်ယူရန် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့သောကြောင့် အထောင်တိုက်စစ်မှူးစစ်စစ်မရှိဘဲ ကစားနေရသည်။
သို့ဖြစ်ရာ ဂွါဒီယိုလာက “တိုက်စစ်မှူးတစ်ယောက် လိုအပ်တယ်လို့ ကျွန်တော်ထင်တယ်။ အဲဒါလုံးဝသေချာပါတယ်။ တိုက်စစ်မှူးမပါပေမဲ့ ကျွန်တော်တို့ကစားပုံက အံ့အားသင့်စရာဖြစ်အောင်ကောင်းတယ် လို့ ခင်ဗျားက ပြောလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ပွဲတွေရနေလို့ပေါ့။ ကျွန်တော်တို့သာ နိုင်ပွဲတွေမရဘူးဆိုရင် တိုက်စစ်မှူးတစ်ယောက်တော့ လိုတယ်လို့ ခင်ဗျားပြောမှာပါ။ တိုက်စစ်မှူးမပါဘဲနဲ့ ဒီလူတွေ ဘယ်လိုကစားကြတာလဲ ဆိုပြီး ခင်ဗျားကပြောတယ်။ ပရီးမီးယားလိဂ်မှာ တိုက်စစ်မှူးတစ်ယောက်နဲ့ ကစားရပါမယ်။ ဒါကြောင့် ကျွန်တော်တို့အတွက် တိုက်စစ်မှူးတစ်ယောက် လိုအပ်ပါတယ်။ အသင်းအနေနဲ့လည်း အဲဒါကို ကြိုးစားလိမ့်မယ်လို့ထင်တယ်” ဟု ပြောကြားခဲ့သည်။