မန်ချက်စတာစီးတီးဟာ အသင်းနည်းပြ ပက်ဂွါဒီယိုလာကို စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေတဲ့အပြင် ယခုအခါမှာတော့ အသင်းရဲ့ စူပါစတားတိုက်စစ်မှူး အာလင်းဟာလန်းကိုပါ ပေါင်သန်း ၁၀၀ တန်ကြေးရှိ စာချုပ်နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံအသင်းဟာ ဂွါဒီယိုလာကို စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်းအားဖြင့် ဟာလန်းကိုပါ အသင်းမှာ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ စပိန်သားနည်းပြဟာ ယခုရာသီကုန်မှာပဲ မန်စီးတီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့် ကလပ်ရဲ့ကမ်းလှမ်းမှုကို လက်ခံပြီး ၁၂ လသက်တမ်းရှိ စာချုပ်ကို သဘောတူခဲ့မယ်ဆိုရင်တော့ ၂၀၂၇ ခုနှစ်နွေရာသီအထိ ဆက်လက်စာချုပ်သက်တမ်းတိုးနိုင်ဦးမှာဖြစ်ပါတယ်။
သို့သော်လည်း လက်ရှိမန်စီးတီးပြင်ဆင်ထားတဲ့ စာချုပ်သစ်ထဲမှာ အသင်းအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ဆွဲချက် ၁၁၅ ချက်ကြောင့် တန်းဆင်းခဲ့ရရင်လည်း ဂွါဒီယိုလာနဲ့ စာချုပ်ဖျက်သိမ်းဖို့ သဘောတူညီချက် မပါဝင်ဘူးလို့သိရပါတယ်။
မန်စီးတီးဟာ ဂွါဒီယိုလာအပြင် ဘာစီလိုနာရဲ့ချိတ်ဆက်မှုတွေ့ခံနေရတဲ့ ဟာလန်းကိုလည်း စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေပါတယ်။ အသက်-၂၄ နှစ်အရွယ် နော်ဝေးလက်ရွေးစင်ကစားသမားဟာ ၂၀၂၂ ခုနှစ်မှာ အီတီဟတ်သို့ စတင်ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ၁၀၅ ဂိုးအထိ သွင်းယူပေးထားနိုင်ပါတယ်။ ဟာလန်းဟာ မန်စီးတီးဟာ အခြေခံလစာ တစ်ပတ်ကို ပေါင် ၃ သိန်း ၇ သောင်းခွဲအထိ ရရှိနေပြီး အပိုဆုကြေးတွေပါ ထည့်တွက်မယ်ဆိုရင်တော့ တစ်ရာသီကို ပေါင်သန်း ၂၀ အထိ ရရှိနေတာဖြစ်ပါတယ်။
ယခု မန်စီးတီးပြင်ဆင်ထားတဲ့ ကမ်းလှမ်းချက်အရ ဟာလန်းဟာ အသင်းနဲ့ ၅ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားရမှာဖြစ်ပြီး အပိုဆုကြေးတွေမပါဝင်ဘဲနဲ့ပင် ၅ နှစ်စာအတွက် အခြေခံလစာ ပေါင်သန်း ၁၀၀ အထိ ရရှိသွားမယ်လို့ သိရပါတယ်။
မကြာသေးမီက ဂွါဒီယိုလာကို မန်စီးတီးမှာ ဆက်လက်ရှိစေလိုကြောင်းကို ဟာလန်းက “ဂွါဒီယိုလာအနေနဲ့ အသင်းမှာ စာချုပ်သစ်ချုပ်ဆိုမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် မန်စီးတီးကိုရောက်ရှိနေတဲ့ ၂ နှစ်ခွဲတာကာလအတွင်းမှာ သူက ကျွန်တော့်အတွက်အရမ်းအရေးပါခဲ့ပါတယ်။ အသင်းမှာ အကြာကြီးဆက်နေဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်ကတော့ သူ့ကို အရမ်းသဘောကျပြီး သူကလည်း ကျွန်တော့်ကို သဘောကျမယ်လို့ မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
မန်စီးတီးဟာ မကြာသေးမီ ရာသီတွေမှာ ဒဏ်ရာပြဿနာကြောင့် ရုန်းကန်နေခဲ့ရတဲ့ အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ကယ်ဗင်ဒီဘရိုင်းကိုတော့ လက်လွှတ်ဖို့ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ အသက်-၃၃ နှစ်အရွယ်ကစားသမားဟာ ရာသီကုန်မှာ မန်စီးတီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် ကလပ်ဘက်က လာမယ့် ဇန်နဝါရီမှာပဲ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။
သို့သော်လည်း ၂၀၂၄ ဘောလွန်းဒီအော်ဆုရှင် ရိုဒရီကိုတော့ မန်စီးဟာ စာချုပ်သစ်ကမ်းလှမ်းဖို့ ပြင်ဆင်ထားပါတယ်။