စပါးနည်းပြ ကွန်တီက ဟာရီကိန်းကို ဆက်ထိန်းရန်အတွက် အသင်းကို ဆုဖလားများ စိန်ခေါ်နိုင်သည့် အသင်းအဖြစ် တည်ဆောက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အသက် (၂၈)နှစ်အရွယ်ရှိ ဟာရီကိန်းသည် ကလပ်ကစားသမားဘဝ ဆုဖလားများရယူရန် ဆန္ဒရှိနေပြီး ပြီးခဲ့သည့်နွေရာသီက မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ရန် ကြိုးပမ်းခဲ့သည်။
စပါးအသင်းက လက်လွှတ်လိုခြင်းမရှိသဖြင့် ဟာရီကိန်း၏အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ခြင်းဖြစ်သည်။

ဟာရီကိန်းသည် စပါးအသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသော်လည်း ဆုဖလားရယူနိုင်ရန်အတွက် လာမည့်နွေတွင် အသင်းမှထွက်ခွာဖွယ်ရှိကြောင်း မီဒီယာများက ဖော်ပြနေကြသည်။
ထို့ကြောင့် နည်းပြ ကွန်တီက ဟာရီကိန်းအား ဆက်ထိန်းနိုင်ရန်အတွက် စပါးအသင်းအနေဖြင့် ချန်ပီယံဆုများကို စိန်ခေါ်နိုင်သည့်အသင်းဖြစ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ကွန်တီက ”ဟာရီကိန်းက ရည်မှန်းချက်အရမ်းကြီးမားသူဖြစ်သလို၊ ကမ္ဘာ့အဆင့်ကစားသမားလည်း ဖြစ်ပါတယ်။ သူ့အတွက် စံချိန်တွေချိုးဖို့ အရေးကြီးသလို၊ ဆုဖလားတွေ ကိုင်မြှောက်နိုင်ဖို့လည်း လိုပါတယ်။ ဆုဖလားရသူတွေပဲ အသင်းသမိုင်းမှာ တွင်ကျန်မှာပါ။ ကျွန်တော်တို့အနေနဲ့ အဲဒီလိုကစားသမားတွေကိုဆက်ထိန်းဖို့ အသင်းအနေနဲ့ ဆုဖလားတွေ စိန်ခေါ်နိုင်စွမ်း၊ ရယူနိုင်စွမ်းရှိကြောင်း ပြဖို့လိုပါတယ်”ဟု ပြောကြားခဲ့သည်။