ဒေါ့မွန်အသင်းသည် အသင်းတိုက်စစ်မှူးသစ် ဟယ်လာ၏ ရောဂါအခြေအနေကြောင့် ၎င်းနေရာတွင် ရေတိုအစားထိုးရန်အတွက် ဥရုဂွေးဝါရင့်တိုက်စစ်မှူး ဆွာရက်ဇ်ကို ပစ်မှတ်ထားနေကြောင်း သိရသည်။
အသက် (၂၈)နှစ်အရွယ်ရှိ အိုင်ဗရီကို့စ်တိုက်စစ်မှူး ဟယ်လာသည် ဇူလိုင် (၆)ရက်ကမှ အေဂျက်စ်အသင်းမှ ဒေါ့မွန်အသင်းသို့ Add-ons ကြေးအပါ အဝင် ယူရို (၃၄.၅)သန်းဖြင့် ပြောင်းရွှေ့လာသူဖြစ်သည်။
သို့သော် ၎င်းသည် ဇူလိုင်(၁၈) ရက်က အသင်း၏လေ့ကျင့်ရေးအစီအစဉ်တွင် နေမကောင်းသဖြင့် ဆေးစစ်ဆေးခဲ့ရာမှာ ဝှေးစေ့တွင် အကျိတ်တွေ့ရှိခဲ့ရကြောင်း သိရသည်။
ဟယ်လာ၏ အဆိုပါရောဂါကို ထပ်မံစစ်ဆေးရဦးမည်ဖြစ်ပြီး ယခုအခါ ဒေါ့မွန်အသင်းအနေဖြင့် ၎င်းနေရာတွင် ရေတိုအစားထိုးရန်အတွက် ဆွာရက်ဇ်ကို ပစ်မှတ်ထားလာခြင်းဖြစ်ကြောင်း Sky Sports က ဖော်ပြခဲ့သည်။
အသက် (၃၅)နှစ်အရွယ်ရှိ ဆွာရက်ဇ်သည် ပြီးခဲ့သည့်ရာသီကုန်တွင် အက်သလက်တီကိုအသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့့ဖြစ်နေသူဖြစ်ပြီး ၎င်းကိုခေါ်ယူရန် ဒေါ့မွန်အပြင် အက်စတွန်ဗီလာနှင့် ရေးဗားပလိတ်အသင်းတို့လည်း စိတ်ဝင်စားနေကြောင်း သိရသည်။