လီဗာပူးလ်အသင်း၏ အင်္ဂလန်လူငယ်ကြယ်ပွင့်နောက်ခံလူ အလက်ဇန္ဒားအာနိုးလ်သည် သြစတြီးယားအသင်းနှင့်ကစားခဲ့သည့် ခြေစမ်းပွဲတွင် ရရှိခဲ့သည့် ပေါင်ခြံဒဏ်ရာကြောင့် ယူရို -၂၀၂၀ ပြိုင်ပွဲနှင့် လွဲချော်ခဲ့ရပြီဖြစ်ကြောင်း သိရှိရည်။
အာနိုးလ်သည် ယင်းပွဲတွင် ပွဲ ချိန်(၈၅)မိနစ်၌ ဘယ်ခြေဖြင့် ဘောလုံးကန်တင်ခဲ့ရာတွင် မည်သူနှင့်မျှ မထိခိုက်ဘဲ ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်ပြီး အသင်းနည်းပြ ဆောက်ဂိတ်ကို လူစားလဲပေးရန် တောင်းဆိုခဲ့သည်။
ယင်းနောက် ပွဲချိန် (၈၈)မိနစ်တွင် လူစားလဲခံရကာ ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့ရခြင်းဖြစ်ပြီး ဆေးအဖွဲ့က ချက်ချင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရသည်။
ပွဲအပြီးတွင် အသင်းနည်းပြဖြစ်သူ ဆောက်ဂိတ်က ”ကွင်းအတွင်းက ထွက်ခွာလာချိန်မှာ သူ့ကိုကြည့်ရတာ အခြေအနေ သိပ်မကောင်းပါဘူး။ ကျွန်တော်တို့က သူ့ရဲ့ ဒဏ်ရာအခြေအနေကို သိရဖို့အတွက် (၂၄)နာရီလောက် အချိန်လိုအပ်ပြီး ကျွန်တော့် အထင်တော့ ပေါင် ဒါမှမဟုတ် ပေါင်ခြံဒဏ်ရာဖြစ်ပါလိမ့်မယ်။ အခုအချိန်မှာတော့ ဘယ်လိုအဖြေထွက်မလဲဆိုတာကို စောင့်ကြည့်နေဖို့ပဲ ရှိပါတယ်။ အခုအချိန်မှာ ကြည့်ရတာ အခြေအနေသိပ်မကောင်းပေမဲ့ နောက် (၄၈)နာရီအတွင်းမှပဲ အခြေအနေကို သိပြီး ဆုံးဖြတ်နိုင်မှာပါ”ဟု ပြောကြားခဲ့သည်။
သို့သော် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က အာနိုးလ်သည် ပေါင်ခြံဒဏ်ရာရရှိခဲ့ခြင်းကြောင့် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ပါဝင်နိုင်တော့မည်မဟုတ်ကြောင်း ကြာသပတေးနေ့က အတည်ပြုကြေညာခဲ့သည်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ”ကြာသပတေးနေ့မှာ ပြုလုပ်ခဲ့တဲ့ ဆေးစစ်ချက်အရ အာနိုးလ်ဟာ လာမယ့်ပြိုင်ပွဲမှာ ပါဝင်ကစားနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် သူ အင်္ဂလန်အသင်း လူစာရင်းက နုတ်ထွက်ခဲ့ပြီး ကလပ်အသင်းဆီ ပြန်သွားပါပြီ။ နည်းပြ ဆောက်ဂိတ်က သူ့နေရာမှာ ဘယ်သူ့ကို အစားထိုးခေါ်ယူမလဲဆိုတာ ရိုမေးနီးယားနဲ့ ခြေစမ်းပွဲအတွက် လေ့ကျင့်တော့မှပဲ အတည်ပြုပါလိမ့်မယ်”ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။