ဝေးလ်စ်လက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း ရော်ဘီဆာဗေ့ချ်သည် သားဖြစ်သူ ချာလီဆာဗေ့ချ် မန်ယူအသင်းအတွက် ပွဲဦးထွက်ကစားသည့်ပွဲကို BT Sport ၏ ရုပ်သံတင်ဆက်သူတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
ရော်ဘီဆာဗေ့ချ်(၄၇ နှစ်)သည် မန်ယူလူငယ်အသင်းတွင် ကစားခဲ့ဖူးသော်လည်း မန်ယူအသင်းကြီးသို့ မရောက်ရှိခဲ့ဘဲ ပရီးမီးယားလိဂ်တွင် လက်စတာအသင်းအတွက် အများဆုံးကစားခဲ့သူဖြစ်သည်။
ရော်ဘီဆာဗေ့ချ်၏ သားဖြစ်သူ ချာလီဆာဗေ့ချ်(၁၈ နှစ်)မှာမူ ပြီးခဲ့သည့် ဧပြီလက မန်ယူအသင်းနှင့် ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ယန်းဘွိုင်းစ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် လူစားဝင်ကစားသမားအဖြစ် ပွဲဦးထွက်ခွင့်ရခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်း၏ နည်းပြသစ် ရန်းနစ်သည် ယင်းပွဲတွင် လူငယ်ကစားသမားများစွာကို အခွင့်အရေးပေးခဲ့ရာ၌ ချာလီဆာဗေ့ချ်လည်း ပါဝင်ခဲ့ခြင်းဖြစ်ပြီး သားဖြစ်သူ အရန်စာရင်းတွင် ပါဝင်ကြောင်း သိရှိကတည်းက ရော်ဘီဆာဗေ့ချ်သည် ဝမ်းသာမျက်ရည်ကျခဲ့ကြောင်းလည်း သိရသည်။
ရော်ဘီဆာဗေ့ချ်သည် မာတာ၏ နေရာ၌ သားဖြစ်သူ လူစားဝင်ကစားမည်ဖြစ်ကြောင်း ကြေညာခဲ့ရာတွင် ”ကျွန်တော် မယုံကြည်နိုင်အောင်ပါပဲ။ ကျွန်တော့်သားအတွက် ဂုဏ်ယူရတဲ့နေ့ပါပဲ”ဟု ထည့်သွင်းပြောကြားခဲ့သည်။
ချာလီဆာဗေ့ချ်သည် ယင်းပွဲတွင် ပွဲပြီးခါနီး မိနစ်အနည်းငယ်သာ ပါဝင်ကစားခွင့်ရခဲ့ခြင်းဖြစ်ပြီး ကျောနံပါတ်(၇၂)ကို ဝတ်ဆင်ခဲ့ကြောင်း သိရသည်။