မိုဟာမက်ဆားလာရဲ့ ပထမ မိနစ် သွင်းဂိုးကို အလက်ဇန်းဒါးရှုးစ်က ဒုတိယပိုင်းမှာ ချေပ သွားခဲ့တာကြောင့် လီဗာပူးဟာ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ်မှာ မစ်ဂျီလန်းနဲ့ ၁ ဂိုးစီ သရေကျသွားခဲ့ပါတယ်။ အီဂျစ်စတား (၂၂ ဂိုး) ဟာ စတီဗင်ဂျာရတ် ရဲ့ ချန်ပီယံလိဂ် သွင်းဂိုး စံချိန်ကို ချိုးဖျက်နိုင်ခဲ့သလို ဒုတိယပိုင်းမှာ လူစားဝင် လာခဲ့တဲ့ ဘီလီကူမက်တီယို ကလည်း လီဗာပူး အတွက် ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ကိုယ်စားပြု ကစားပေးခဲ့သူ ဆိုတဲ့ စံချိန်ကို ရရှိခဲ့ပါတယ်။
လီဗာပူးဟာ ပထမပိုင်းမှာ ကစားပုံ ကောင်းမွန်ခဲ့ပြီး မစ်ဂျီလန်း ဘက်ကို ထိုးဖောက် ကစားခဲ့ပေမယ့် ဂိုးသမား လက်စွမ်းပြနေတာကြောင့် နောက်ထပ် သွင်းဂိုး မရခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ဖာဘင်ညို အစား ကူမက်တီယို ဝင်လာချိန်မှာတော့ မစ်ဂျီလန်းဟာ ဒီပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ လီဗာပူး ကွင်းလယ် ကစားသမားတွေကို အသာစီး ရယူကာ ဖိကစားခဲ့ပြီး အခွင့်အရေး အကြိမ်ကြိမ် ဖန်တီး နိုင်ခဲ့ကာ နောက်ဆုံး မှာတော့ ပင်နယ်တီ ကနေ တဆင့် ချေပဂိုး ရခဲ့ပါတယ်။
ထို့နောက် ကလော့ဟာ အနိုင် ရလဒ်ကို အလို ရှိတာကြောင့် အသင်းရဲ့ စီနီယာ ကစားသမား အချို့ကို ထည့်သွင်းကာ ပွဲကို ပြန်စီးကစားဖို့ ကြိုးစား ခဲ့ပါတယ်။ အဲဒီနောက် မစ်ဂျီလန်း တို့ ဂိုးရခဲ့ပေမယ့်လည်း VAR က လူကျွံဘော အဖြစ် ပယ်ဖျက် ခဲ့သလို ဧည်သည် အသင်းကလည်း ပွဲပြီးခါနီး ဂိုးရခဲ့ပေမယ့် မာနေး လက်နဲ့ထိ ခဲ့တာကြောင့် အနိုင်ဂိုး မရခဲ့ပါဘူး။ ဒါ့ကြောင့် ဒိန်းမတ်မှာ လီဗာပူးတို့ သရေသာ ရခဲ့ပေမယ့် ဒီပွဲစဉ်ရဲ့ ရလဒ်ဟာ တစ်စုံတစ်ရာ သက်ရောက်မှု မရှိ ခဲ့ပါဘူး။
၁~ စံချိန်သစ် တင်ခဲ့တဲ့ ဆာလား
ဆာလားဟာ လီဗာပူးကို ၂၀၁၇ ခုနှစ်က ပြောင်းရွေ့ လာခဲ့ပြီး နောက်ပိုင်း စံချိန်တွေ တစ်ခုပြီး တစ်ခု ချိုးဖျက် ခဲ့ပါတယ်။ အီဂျစ်စတားဟာ သူ့ရဲ့ ပထမဦးဆုံး ရာသီမှာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် တစ်ရာသီ အတွင်း သွင်းဂိုး အများဆုံး စံချိန်ကို ရရှိခဲ့သလို ကလပ် သမိုင်းတစ်လျှောက် အမြန်ဆုံး ဂိုး ၅၀ ပြည့်တဲ့ စံချိန်ကိုလည်း ရခဲ့ပါတယ်။ ဆာလား ရရှိခဲ့တဲ့ နောက်ဆုံး စံချိန် ကတော့ အန်ဖီးဂန္တဝင် ဂျာရတ် တင်ထားခဲ့တဲ့ စံချိန် ဖြစ်ပြီး ဆာလားဟာ မစ်ဂျီလန်းနဲ့ ပွဲစဉ်မှာ ဂိုးရယူပြီး လီဗာပူး ကွင်းလယ်လူဟောင်းရဲ့ ချန်ပီယံလိဂ် ၂၁ ဂိုး စံချိန်ကို ကျော်ဖြတ် ခဲ့ပါတယ်။ အသက် ၂၈ နှစ် အရွယ် ကစားသမားဟာ ၅၅ စက္ကန့်မှာတင် ဂိုးရခဲ့တာ ဖြစ်ပြီး ချန်ပီယံလိဂ်မှာ လီဗာပူးရဲ့ အမြန်ဆုံး သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။
၂~အခွင့်အရေး ရခဲ့တဲ့ လူငယ်ကြယ်ပွင့်များ
စံချိန်တွေ အကြောင်း ပြောရမယ် ဆိုရင်တော့ မစ်ဂျီလန်းနဲ့ ပွဲစဉ်မှာ လီဗာပူးရဲ့ ပွဲထွက် လူစာရင်းဟာ ပျမ်းမျှ အသက် ၂၃ နှစ်နဲ့ ၆ လသာ ရှိပြီး ဒါဟာ လီဗာပူး သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ပွဲထွက် လူစာရင်း ဖြစ်ခဲ့ပါတယ်။ ဂိုးပေါက်မှာ ဆိုရင် ကယ်လီဟာ ဟာ နောက်ထပ် တစ်ကြိမ် ပုံံစံကောင်းကို ပြသခဲ့ပြီး ဘောလုံးဖြန့်ဝေမှုတွေ ကောင်းခဲ့သလို လီဗာပူး အတွက် ကာကွယ်မှုတွေ အကြိမ်ကြိမ် လုပ်ပေးခဲ့ပါတယ်။ မစ်ဂျီလန်းရဲ့ ပင်နယ်တီဟာ ၎င်းကြောင့် ပေးခဲ့ရတာ ဖြစ်ပေမယ့် အဓိက ကတော့ ခံစစ်ပိုင်းရဲ့ အားနည်းချက်ကြောင့် one-by-one တွေ့ရာကနေ တဆင့် ပေးခဲ့ရတာပါ။
ရီးစ်ဝီလီယံ ကလည်း နောက်တန်းမှာ ကောင်းမွန်တဲ့ ကစားပုံကို ပြသ သွားခဲ့ပြီး ၎င်းရဲ့ တည်ငြိမ်မှု နဲ့ ကောင်းမွန်တဲ့ ဘောလုံး ပေးပို့မှု တွေကိုလည်း လုပ်ခဲ့ပါတယ်။ ကူမက်တီယို လို အတွေ့အကြုံ နည်းပါးတဲ့ ကစားသမား ဝင်လာချိန်မှာ ဝီလီယံရဲ့ ကစားပုံ ပျာသွားခဲ့တာ ကလည်း နားလည်ပေးလို့ ရပြီး အသက် ၁၈ နှစ် အရွယ် ကူမက်တီယို ကတော့ ချန်ပီယံလိဂ် မှာ လီဗာပူး အတွက် ကိုယ်စားပြု ကစားခဲ့တဲ့ အသက် အငယ်ဆုံး ကစားသမား ဖြစ်လာ ခဲ့ပါတယ်။ ဒါပေမယ့် စီနီယာ အသင်းမှာ ပါဝင် နိုင်ဖို့ အတွက် ဆိုရင်တော့ ဒီထက် ကောင်းမွန်တဲ့ ခံစစ် ကစားပုံကို ပြသနိုင်ဖို့ လိုအပ်နေပါတယ်။
ကလာဆန် ကတော့ ပထမပိုင်းမှာ ကစားပုံ ကောင်းမွန် ခဲ့ပေမယ့်လည်း ဒုတိယပိုင်း မှာတော့ ဘောလုံး ပေးပို့မှုတွေ လိုအပ်ချက် ရှိနေ ခဲ့ပြီး ပွဲပြီးခါနီးမှာ ၎င်းကြောင့် တန်ပြန်တိုက်စစ် ကနေ ဂိုးပေးရမလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အလားအလာကောင်း ရှိနေတဲ့ ကစားပုံကို မြင်တွေ့ခဲ့ရပါတယ်။
၃~အခွင့်အရေး နောက်တစ်ကြိမ် ဖြုန်းခဲ့ပြန်တဲ့ အိုရီဂီ နဲ့ မီနာမီနို
အိုရီဂီဟာ လီဗာပူးရဲ့ ချန်ပီယံလိဂ် အောင်မြင်မှုဟာ အရေးပါတဲ့ ကဏ္ဍ ကနေ ပါဝင်ပြီး ဟီးရိုး ဖြစ်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ရာသီ နဲ့ ဒီရာသီမှာ ကစားပုံ ဆိုးရွား နေခဲ့ပြီး front three အတွက် လုံလောက်တဲ့ back up အဖြစ်တောင် ရှိမနေခဲ့ပါဘူး။ အိုရီဂီဟာ ဒီပွဲစဉ် မတိုင်မီ ကစားခွင့် ရတဲ့ ပွဲတိုင်းမှာ ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေသာ တောက်လျှောက် ပြသနေပြီး လီဗာပူးတို့ ၂-၀ နဲ့ ဦးဆောင်နိုင်မယ့် အခွင့်အရေးကောင်းကို ဖြုန်တီးပစ်ခဲ့သလို ကွင်းလယ်လူတွေ ၊ တွဲဖက် တိုက်စစ်မှုးတွေနဲ့ အချိတ်အဆက် လွဲနေ ခဲ့ပါတယ်။ အသက် ၂၅ နှစ် အရွယ် ကစားသမား အနေနဲ့ အန်ဖီး ကနေ ထွက်ခွာဖို့ အတွက် သိပ်ပြီး မလိုတော့ပါဘူး။
မီနာမီနို ကလည်း လီဗာပူးကို ရောက်လာတာ တစ်နှစ်နီးပါး ရှိနေပြီ ဖြစ်ပေမယ့်လည်း အသင်းရဲ့ ကစားဟန်နဲ့ အခုထိ အသားတကျ ဖြစ်နေခြင်း မရှိသလို လုပ်အား ကောင်းပေမယ့် အသင်း အတွက် သက်ရောက်မှု ရှိတဲ့ ကစားဟန်ကို ပြသ နိုင်ခြင်း မရှိသေးပါဘူး။ အထူးသဖြင့် ဘောလုံး ကိုင်ကစားပုံတွေ လိုအပ်ချက်တွေ များနေသလို ၊ ပြိုင်ဘက်ရဲ့ pressing တွေကိုလည်း အကြိမ်ကြိမ် ရုန်းထွက် နိုင်ခြင်း မရှိဘဲ ဘောလုံး ဆုံးရှုံးရမှု များခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ဂိုးရဖို့ နီးစပ် ခဲ့ပေမယ့်လည်း ဒါဟာ ၎င်းရဲ့ ကစားပုံကိုတော့ ဖုံးလွှမ်းနိုင်ခြင်း ရှိမှာ မဟုတ်ပါဘူး။
၄~match fitness တွေ ရခဲ့တဲ့ ကီတာ နဲ့ အလက်ဇန်းဒါးအာနိုး
ဒဏ်ရာ ကနေ ပြန်လာ ခဲ့ပြီးနောက် ပထမဦးဆုံး ပွဲထွက် ကစားခွင့် ရခဲ့ခြင်း ဖြစ်ကာ ဒီပွဲစဉ်မှာ လီဗာပူးရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ခဲ့ရပါတယ်။ အသက် ၂၂ နှစ် အရွယ် ကစားသမားဟာ match fitness လိုအပ်နေတုန်းပဲ ဆိုတာ ဒီပွဲစဉ်မှာ ပြသ ခဲ့ပြီး ၎င်းရဲ့ passing တွေ လိုအပ်ချက်တွေ ရှိနေ ခဲ့သလို ခံစစ်ပိုင်းမှာ နေရာယူပုံတွေ မှားယွင်းခဲ့တာတွေကို တွေ့ခဲ့ရပါတယ်။ ကလော့ အနေနဲ့ အလက်ဇန်းဒါးအာနိုးသာ လုံလောက်တဲ့ match fitness မှာ ရှိမနေဘူး ဆိုရင် လာမည့် ဖူဟမ်နဲ့ ပွဲစဉ်မှာ နီကိုဝီလီယံ ကို ရွေးချယ်သွားဖို့ ရှိနေပါတယ်။
နာဘီကီတာ ကလည်း ဒဏ်ရာကနေ ပြန်လာပြီးနောက် ပထမဦးဆုံး အကြိမ် ပွဲထွက်ခွင့် ရခဲ့တာ ဖြစ်ပြီး match fitness မရှိသေးတဲ့ အပြင် တွဲဖက် ကွင်းလယ်လူတွေရဲ့ လုံလောက်တဲ့ အကူအညီ မရခဲ့တာကြောင့် ပွဲအပေါ် သက်ရောက်မှု ပေးနိုင်ဖို့ ရုန်းကန် ခဲ့ရပါတယ်။ ကီတာရဲ့ စွမ်းအင်မြင့် ကစားဟန်တွေကို မတွေ့ရသေးသလို ခံစစ်ကို လိုက်ပါ ကူညီပေးမှုတွေလည်း လိုအပ်ချက်တွေ များနေ ပါသေးတယ်။
၅~စီနီယာတွေကို အနားပေးနိုင်ခြင်း
ပြီးခဲ့တဲ့ တစ်ပတ်က အိုင်ယက်ကို အနိုင်ယူကာ အုပ်စုဗိုလ်နဲ့ နောက်တဆင့် တက်ခဲ့တာကြောင့် ကလော့ဟာ သူ့ရဲ့ စီနီယာ ကစားသမား တော်တော်များများကို ဒီပွဲစဉ်မှာ အနားပေးခွင့် ရခဲ့ပါတယ်။ မာတစ် ၊ ရောဘတ်ဆန် ၊ ဟန်ဒါဆန် ၊ ဝိုင်နယ်ဒန် ၊ မာနေး ၊ ဖာမီနို စတဲ့ ကစားသမားတွေဟာ အရန်ခုံမှာသာ ရှိနေ ခဲ့ပြီး ဖာဘင်ညို ကလည်း ၄၅ မိနစ်သာ ဝင်ကစား ခဲ့ပါတယ်။
ဒါဟာ လာမည့် ခရစ်စမတ် ပွဲကျပ်ကာလထဲကို ဝင်ရတော့မယ့် လီဗာပူး အတွက် ကောင်းမွန်တဲ့ အချက် ဖြစ်ခဲ့ပြီး ဒဏ်ရာ ရနေတဲ့ စီနီယာ ကစားသမား တစ်ချို့ကလည်း မကြာမီ ပြန်လာတော့မှာ ဖြစ်တာကြောင့် ဒါဟာ ကလော့ အတွက် အားတက်စရာ ပါပဲ။ လီဗာပူးဟာ ဒီပွဲပြီးရင် ဖူဟမ် ၊ တော့တင်ဟမ် ၊ ပဲလေ့စ် တို့ကို ဆက်တိုက် ရင်ဆိုင် ကစား သွားရတော့မှာ ဖြစ်ပြီး ဒီပွဲစဉ်မှာ စီနီယာ ကစားသမားတွေကို အနားပေးနိုင် ခဲ့ခြင်းဟာ အသင်း အတွက် တစ်စုံတစ်ရာ အကျိုးများစေမှာတော့ သေချာပါတယ်။