ဝေးလ်စ်အသင်းခေါင်းဆောင် ဂါရတ်ဘေးလ်က မိမိအနေဖြင့် လက်ရွေးစင်အသင်းတွင် ဂိုးမိုးခေါင်နေသော်လည်း စိတ်မပူကြောင်း ပြောကြားခဲ့သည်။
အသက် (၃၁)နှစ်အရွယ်ရှိ ဂါရတ်ဘေးလ်သည် ဝေးလ်စ်အသင်းအတွက် ကစားခဲ့သည့် နောက်ဆုံး (၁၁)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။
သို့သော် ဂါရတ်ဘေးလ်က မိမိအတွက် ကိုယ်တိုင်ဂိုးသွင်းနိုင်ရန်ထက် အသင်းနိုင်ပွဲရရေးကသာ ပိုအရေးကြီးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဂါရတ်ဘေးလ်က “ဘယ်သူ ဂိုးသွင်းတယ်ဆိုတာ အရေးမပါပါဘူး။ အသင်းနိုင်ပွဲရရေးကသာ အရေးကြီးတာပါ။ ဝေးလ်စ်အသင်းမှာ ကျွန်တော် ဂိုးမသွင်းနိုင်တာ အတော်လေးကြာပါပြီ။ ဒါပေမဲ့ အဲဒီကာလအတွင်း ကျွန်တော့်အနေနဲ့ ဂိုးဖန်တီးမှု (၆)ကြိမ် ဒါမှမဟုတ် (၇)ကြိမ်လောက် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဂိုးမသွင်းနိုင်တဲ့အပေါ် ကျွန်တော် စိတ်မပူပါဘူး။ ကျွန်တော့်အနေနဲ့ ဂိုးသွင်းနိုင်တဲ့ အခွင့်အရေးတွေရလာဖို့တော့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။
ဝေးလ်စ်အသင်းသည် ယူရို-၂၀၂၀ အုပ်စု (A)တွင် အီတလီ၊ ဆွစ်ဇာလန်၊ တူရကီအသင်းတို့နှင့်အတူ ကျရောက်နေပြီး ယနေ့(ဇွန်လ ၁၂ ရက်)တွင် ဆွစ်ဇာလန်အသင်းနှင့် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ကစားရမည်ဖြစ်သည်။