ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ နေရှင်းလိဂ်ပွဲစဉ်တွေမှာ ဝေးလ်က အိုက်စလန်ကို ၄-၁ နဲ့ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် နယ်သာလန်နဲ့ ဂျာမနီတို့ကတော့ ဘော့စနီးယားနဲ့ ဟန်ဂေရီတို့ကို တူညီတဲ့ရလဒ်အဖြစ် ၁-၁ နဲသရေကျခဲ့ပါတယ်။
ဝေးလ်အနေနဲ့ အိုက်စလန်ကို ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ဦးဆောင်ဂိုးခွင့်ပြုခဲ့ရပြီးမှ နောက်ကနေ လိုက်ကစားခဲ့တာဖြစ်ပါတယ်။ အိုက်စလန်အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၇ မိနစ်မှာပဲ ဂတ်ဂျွန်ဆင်က စတင်သွင်းယူပေးခဲ့ပေမယ့် ပထမပိုင်းမှာပဲ ၂ ဂိုးအထိ ပြန်လည်ခွင့်ပြုခဲ့ရပြီး ဝေးလ်အတွက် ကူလန်က ၃၂ မိနစ်နဲ့ ၄၅ မိနစ်တွေမှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းမှာလည်း ဝေးလ်ကပဲ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကို စိုးမိုးနိုင်ခဲ့ပြီး နောက်ထပ် အနိုင်ဂိုးတွေထပ်မံရရှိခဲ့ကာ ဂျွန်ဆန်နဲ့ ဝီလ်ဆန်တို့က ၆၅ နဲ့ ၇၉ မိနစ်တွေမှာ သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ ယခုနိုင်ပွဲကြောင့် ဝေးလ်ဟာ နေရှင်းလိဂ်အုပ်စုအတွင်း ရှုံးပွဲမရှိဘဲ ၃ ပွဲနိုင် ၃ ပွဲသရေ၊ အုပ်စုဗိုလ်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ဂျာမနီကတော့ ၉၀+၉ မိနစ်မှာခွင့်ပြုခဲ့ရတဲ့ ပင်နယ်တီသွင်းဂိုးကြောင့် ဟန်ဂေရီကို သရေသာကစားနိုင်ခဲ့ပေမယ့် အုပ်စုဗိုလ်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ဂျာမနီနည်းပြ ဂျူလီယန်နာဂယ်စ်မန်းက အသင်းရဲ့လူစာရင်းကို ပြောင်းလဲမှုတွေပြုလုပ်ထားခဲ့လို့ မူစီယာလာနဲ့ ဖလော်ရီယန်ဝက်ဇ်တို့ကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်းခဲ့ခြင်းမရှိပါဘူး။
သို့သော်လည်း ဂျာမနီကပဲ ပွဲစတာနဲ့ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။ တန်ပြန်တိုက်စစ်နဲ့ ကစားခဲ့တဲ့ ဟန်ဂေရီကလည်း အခွင့်အရေးတွေ ပြန်လည်ရရှိခဲ့ပြီး ဂျာမနီထက် ဦးဆောင်ဂိုးအရင်ရဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာတော့ နှစ်သင်းစလုံး ဂိုးသွင်းနိုင်ခြင်းမရှိလို့ ၀-၀ နဲ့ပွဲပြီးဆုံးခဲ့ပေမယ့် ဒုတိယပိုင်း ၇၆ မိနစ်မှာတော့ အန်မီချာက ဂျာမနီအတွက် ဦးဆောင်ဂိုး စတင်သွင်းယူပေးခဲ့ပါတယ်။
၀-၁ နဲ့ပွဲပြီးဆုံးပြီး ဂျာမနီတို့ နိုင်ပွဲရပြီလို့ ယူဆခဲ့ကြပေမယ့် ပွဲပြီးကာနီး ၉၀+၉ မိနစ်အရောက်မှာတော့ ဟန်ဂေရီတို့ ပင်နယ်တီရရှိခဲ့ပြီး အဆိုပါပင်နယ်တီကို ဆိုဘိုဆလိုင်းက အမှားအယွင်းမရှိကန်သွင်းယူခဲ့တာကြောင့် ၁-၁ နဲ့ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။
နောက်ထပ်ပွဲစဉ်ဖြစ်တဲ့ ဘော့စနီးယားနဲ့ နယ်သာလန်တို့ရဲ့ပွဲစဉ်ကလည်း အနိုင်အရှုံး ပြတ်ပြတ်သားသားအဖြေထွက်ပေါ်ခဲ့ခြင်းမရှိဘဲ ၁-၁ ဆိုတဲ့ သရေရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။ နယ်သာလန်အတွက် ဦးဆောင်ဂိုးကို ပထမပိုင်း ၂၄ မိနစ်မှာ ဘရော့ဘီက စတင်သွင်းယူခဲ့ပြီး ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
ဘော့စနီးယားကလည်း ဂိုးပေါက်ကန်သွင်းမှုတွေပြန်လည်ပြုလုပ်ပြီး ချေပဂိုးအတွက် အင်အားစိုက်ထုတ်ခဲ့ပေမယ့် ပထမပိုင်းမှာတော့ ၀-၁ နဲ့ရှုံးနိမ့်နေခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ နယ်သာလန်ကပဲ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကို ဆက်လက်စိုးမိုးခဲ့ပေမယ့် ချေပဂိုးပြန်လည်ခွင့်ပြုခဲ့ရပြီး ၆၇ မိနစ်မှာ ဒီမီရိုဗစ်က ဘော့စနီးယားအတွက် ပြန်လည် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။