လီဗာပူးနည်းပြအန်းစလော့က သူ့ရဲ့ကစားသမားဖြစ်တဲ့ အာနိုးလ်ဟာ အခုဘောလုံးရာသီအတွင်း မန်ချက်စတာယူနိုက်တက်နဲ့ တစ်ဖက်နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့တဲ့ပွဲစဉ်မှာသာ ကစားပုံဆိုးရွားခဲ့တာပါလို့ ပြောဆိုရင်း ကာကွယ်ပေးခဲ့ပါတယ်။ လာမယ့်ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ညာအစွန်နောက်ခံလူက ရီးရဲလ်မက်ဒရစ်နဲ့လည်း အပြောင်းအရွှေ့ချိတ်ဆက်မှုဇာတ်လမ်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
ဒတ်ချ်လူမျိုးနည်းပြက “ကျွန်တော်တို့အတွက် အာနိုးလ်ရဲ့ကစားပုံဆိုးရွားခဲ့တဲ့ပွဲစဉ်ဆိုတာ တစ်ပွဲပဲ ရှိပါတယ်။ ဒီနောက် အချို့ပွဲစဉ်တွေမှာ အာနိုးလ်ရဲ့ခြေစွမ်းက အဆင်ပြေတဲ့အဆင့်မှ ကောင်းမွန်တဲ့အဆင့်အထိ အမျိုးမျိုးရှိခဲ့ပါတယ်။ အများအားဖြင့်တော့ အခုဘောလုံးရာသီမှာ အာနိုးလ်က ပွဲကောင်းတွေ အများကြီးကစားနိုင်ခဲ့ပါတယ်။ အခုအချိန်မှာ အားလုံးရဲ့အာရုံစိုက်မှုက အာနိုးလ်ဆီ ရောက်ရှိနေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ လွန်ခဲ့တဲ့ဗုဒ္ဓဟူးနေ့၊ တော့တင်ဟမ်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်ရဲ့ ပွဲချိန်နာရီဝက်အတွင်း အာနိုးလ် ဘယ်လောက်အထိ
စွမ်းဆောင်ရည်ကောင်းခဲ့သလဲဆိုတာကို ထောက်ပြချင်ပါတယ်။ အသင်းပရိသတ်တွေကလည်း ဘယ်လိုမျိုးတုံပြန်ပေးခဲ့ကြသလဲ။ ဒါတွေက ကျွန်တော့်ကို ပွဲစဉ်အတွင်း ပျော်ရွှင်ကျေနပ်မှုရှိအောင် လုပ်ဆောင်ပေးခဲ့ပါတယ်”လို့ ပြောပါတယ်။
မိုဆာလက်နဲ့ ဗန်ဒိုက်တို့လည်း အခုနွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးဖို့ ရှိနေပေမယ့် အာနိုးလ်ရဲ့အခြေအနေကတော့ အသင်းငယ်မွေးခြံပေါက်ကစားသမားပီပီ ပိုပြီးသိမ်မွေ့နက်နဲနေပါတယ်။ သူက သူ့ရဲ့သူငယ်ချင်းဖြစ်သူဘယ်လင်ဟမ်ရှိရာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ အများက ယူဆထားကြပါတယ်။ ဒါက တိုက်စစ်ပိုင်းမှာ အလွန်အကျိုးရှိသလောက် ခံစစ်ပိုင်းလစ်ဟာမှု အမြဲလိုလိုရှိခဲ့တဲ့ နောက်ခံအစွန်လူတစ်ဦးအတွက် အများရဲ့အာရုံစိုက်မှုကို ရရှိစေမယ့် အကြောင်းရင်း ဖြစ်လာခဲ့ပါတယ်။
အခုအချိန်မှာတော့ အာနိုးလ်က လီဗာပူးနဲ့ စာချုပ်သစ်ချုပ်ဆိုမလား(သို့မဟုတ်) ထွက်ခွာမလားဆိုတာ မဆုံးဖြတ်နိုင်သေးခင်အထိ မရေမရာသီတင်းပတ်တွေကိုပဲ ရင်ဆိုင်သွားရပါလိမ့်မယ်။