ဝိုင်နယ်ဒမ် ရဲ့ စာချုပ်သစ် ကိစ္စ က နောက်ဆုံး 6 လ အတွင်း ဝင်ရောက်လာတာ နဲ့အမျှ ကောလ ဟာလ သတင်းတွေကလဲ ဆက်တိုက် ထွက်ပေါ်လာလျှက် ရှိနေပါတယ်။ အထူးသဖြင့် အသက် 30 အရွယ် ကစားသမား ရဲ့ ခြေစွမ်း နဲ့ စွမ်းဆောင်ရည်တွေကြောင့် ၊ သူ့ရဲ့ အပြောင်းအရွှေ့ သတင်းဟာ ပိုပြီး နာမည်ထွက်လျှက် ရှိနေပါတယ်။
စပိန် က သတင်းတွေမှာတော့ ကစားသမားဟာ လီဗာပူး ကနေ နောက်ဆုံးအကြိမ် ကမ်းလှမ်းခဲ့တဲ့ စာချုပ်သစ် ကို ပယ်ချထားတယ်လို့ ဖော်ပြထားသလို ၊ အခြား စပိန် သတင်းထောက်တွေ ကလဲ အန်ဖီးလ် ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက် ချမှတ်ထားပြီးပြီ ဖြစ်ပြီး ၊ နွေရာသီမှာ ဘာစီလိုနာ အသင်းဆီ အလွတ်ကြေး နဲ့ ပြောင်းရွှေ့လိမ့်မယ် လို့ ပြောဆိုနေကြပါတယ်။
သို့သော် လီဗာပူး နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း ကတော့ အဲဒီ သတင်းတွေ အားလုံးကို ပယ်ချထားပါတယ်။ စာချုပ်သစ် အနေအထား က အပြောင်းအလဲ မရှိပေမယ့် ၊ ကစားသမား ဟာ လီဗာပူး ဘက်က ကမ်းလှမ်းလာတဲ့ ကမ်းလှမ်းမှုကို ပယ်ချထားခြင်း မရှိသေးပါဘူး။
စာချုပ်သစ် ဆိုင်ရာ ကိစ္စတွေ ဆွေးနွေးမှုတွေဟာ ပြီးခဲ့တဲ့ ရာသီ ကတည်းက အကွဲအပြဲတွေ ဖြစ်ခဲ့တာပါ။ လီဗာပူး က ပေးချင်တဲ့ အချက်အလက်တွေ နဲ့ ကစားသမားဘက်က လိုချင်တဲ့ ပမာဏတွေဟာ အရမ်းကို အလှမ်းကွာပြီး နောက်ပိုင်းမှာ အဲဒီလို အဖုအထစ်တွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
ဝိုင်နယ်ဒမ် ဟာ ဒီရာသီမှာ လီဗာပူး ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အားလုံးကိုတောင် ပါဝင် ကစားပေးထားတဲ့သူ ဖြစ်ပြီး ၊ ရော်ဘတ်ဆန် ၊ ဖာမင်နို တို့ပြီးရရင် တတိယမြောက် ပွဲချိန် အများဆုံး ကစားသမား အဖြစ် ရပ်တည်နေပါတယ်။ သူ့ ရဲ့ အသင်းအပေါ် ပေးဆပ် ကစားခဲ့မှုတွေကြောင့် ကာလရှည် စာချုပ်သက်တမ်း နဲ့ အတူ လစာ အများဆုံး ကစားသမား စာရင်းမှာ ပါဝင်ခွင့် ရှိသင့်တယ်လို့ ယုံကြည်ထားသူပါ။
သူဟာ 2016 ခုနှစ် နွေရာသီက အသင်းကို စတင် ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ၊ အဲဒီ အချိန် က စလို့ လက်ရှိ လစာ အတိုင်း ပါဝင် ကစားပေးတာ ဖြစ်ပါတယ်။
လီဗာပူး ဘက်ကလဲ အသက် 30 အရွယ် ကစားသမား တစ်ယောက် ကို 3-4 နှစ် စာချုပ် သက်တမ်းအထိ တိုးမြှင့် ကမ်လှမ်းပေးဖို့ တွန့်ဆုတ်နေပုံပါ။ ဒီ အရွယ်မျိုးဟာ ကစားသမား တစ်ယောက် ရဲ့ အမြင့်ဆုံး အချိန်တွေ ကုန်လွန်သွားပြီ ဖြစ်တယ်လို့ သူတို့က ယူဆထားတာ ဖြစ်ပါတယ်။
နည်းပြကြီး ယာဂန် ကလော့ပ် ကတော့ စာချုပ် ကိစ္စကို ကစားသမား ရဲ့ စွမ်းဆောင်ရည် အပေါ် လွှမ်းမိုးမှု လုံး၀ မခံပဲ ၊ သူ တတ်နိုင်တဲ့ ဘက်က အကောင်းဆုံး ထောက်ပံ့ပေးလျှက် ရှိနေပါတယ်။ ကလပ် အသင်းအနေနဲ့ မဖြစ်မနေ စာချုပ် သက်တမ်းတိုးသင့်တယ်လို့ ကိုယ်တိုင် ထုတ်ဖော် ပြောဆိုခြင်း မရှိသည့်တိုင်အောင် ၊ “ ကစားသမား ကို ဆက်နေသွားစေချင်တဲ့ အကြောင်း ၊ ဘယ်လောက် အထိ သဘောကျတဲ့ အကြောင်း” တွေကို တသွင်သွင် ထုတ်ဖော် ပြောဆိုထားခဲ့ ပါတယ်။
“ ကျနော် က ဝိုင်နယ်ဒမ် ကို ဘယ်လောက် အထိ ချစ်လဲ ဆိုတာ ခင်ဗျားတို့ အားလုံး သိပြီးသားပါး။ ဒါကြောင့် အထွေအထူးတွေ ပြောနေစရာ မလိုပါဘူး။ သူ့ရဲ့ စာချုပ်သစ် နဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် တစ်စုံတရာ ချမှတ်ပြီ ဆိုရင် ခင်ဗျားတို့လဲ အသိပေးမှာပါ။ လက်ရှိမှာတော့ ဒီထက်ပိုပြီး ပြောစရာ အကြောင်း မရှိသေးပါဘူး” လို့ ကလော့ပ် က ဝိုင်နယ်ဒမ် ရဲ့ စာချုပ်သစ် ကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက် ပေးသွားခဲ့ ပါတယ်။
ကစားသမား နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း ကလဲ ဝိုင်နယ်ဒမ် ဟာ လီဗာပူး နဲ့ ပတ်သက်ပြီး အပြီးသတ် ဆုံးဖြတ်ချက် ကို ချမှတ်ထားခြင်း မရှိသေးဘူး အခိုင်အမာ ဆိုထားသလို ၊ သူ့အတွက် ရွေးခြယ်မှုတွေ နဲ့ ပတ်သက်ပြီး အလေးအနက် စဉ်းစားနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အန်ဖီးလ် ပရိသတ်တွေ အနေနဲ့ မရှိတဲ့ မျှော်လင့်ချက် ကောက်ရိုး တစ်မျှင်လေး ကျန်ရှိနေဆဲပါ။