spot_img

ဝါရင့် ကစားသမား ၂ဦးကို စာချုပ် ထပ်ချုပ်ဖို့ ရှိမရှိ ဖြေကြားခဲ့တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း ကစားသမားသစ် ၇ဦးကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ ကျော် သုံးစွဲ ခေါ်ယူခဲ့ပြီး ၊ ကစားသမား အထွက် အနေနဲ့ အလွတ်နဲ့ အငှားတွေသာ များခဲ့ပါတယ် ။ လာမယ့် နွေရာသီမှာလည်း ချဲလ်ဆီး အသင်းဟာ ကစားသမားသစ် အနည်းငယ် ထပ်ခေါ်နိုင်ခြေ ရှိပေမယ့် ၊ ကစားသမား အထွက်က ပိုများဖို့သာ ပိုဖြစ်နိုင်ပါတယ် ။

တဖက်မှာ ချဲလ်ဆီး အသင်းဟာ ဒီရာသီ အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်ထားတဲ့ အသင်းသား တချို့ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေပြီး ၊ ဒီအထဲမှာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ပီအက်စ်ဂျီ ကနေ အလွတ်နဲ့ ပြောင်းလာခဲ့တဲ့ ဘရာဇီး ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗားလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။

myan789

အသက် ၃၆နှစ် အရွယ်ရှိ သီယာဂို ဆေးလ်ဗား ဟာ ချဲလ်ဆီးနဲ့ စာချုပ် တနှစ်သာ ချုပ်ဆိုထားခဲ့ပေမယ့် ၊ ယင်း စာချုပ်ထဲမှာ နောက်ထပ် တနှစ် သက်တမ်းတိုးခွင့် ပါဝင်နေပြီး ၊ ဒီ အချက်ကို ချဲလ်ဆီးတို့ အသက်သွင်းဖို့ ကြိုးစားလျက် ရှိနေသလို ၊ ကစားသမား ကိုယ်တိုင်ကလည်း ဘရာဇီး မပြန်ခင် လန်ဒန်မှာ တနှစ်လောက် ထပ်ကစားဖို့ အလိုရှိနေကြောင်း သိရပါတယ် ။

သီယာဂို ဆေးလ်ဗားလိုပဲ နောက်ထပ် ဝါရင့် တဦး ဖြစ်တဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ဟာလည်း လာမယ့် ဇွန်လ အကုန်မှာ စာချုပ် သက်တမ်း ပြည့်မြောက်တော့မှာ ဖြစ်ပြီး ၊ မီဒီယာ အများစု ကတော့ ပွဲထွက်ခွင့်ကြောင့် လာမယ့် နွေရာသီမှာ ဂျရူးဟာ ချဲလ်ဆီးကို စွန့်ခွာတော့မှာ ဖြစ်တယ်လို့ ဖော်ပြနေကြပါတယ် ။

ဂျရူးကို ချဲလ်ဆီးဖက်က စာချုပ် သက်တမ်း တနှစ် ထပ်မံ ကမ်းလှမ်းနိုင်ပေမယ့် ၊ ယခင် ၂နှစ်က အောင်မြင်စွာ စာချုပ်ချုပ်နိုင်ခဲ့သလိုမျိုးတော့ ဒီတကြိမ်မှာ ဖြစ်လာနိုင်ခြေ အလွန် နည်းနေပါတယ် ။ ဒီ ဝါရင့် ၂ဦးရဲ့ စာချုပ် ကိစ္စနဲ့ ပတ်သက်ပြီး ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ကတော့ အခုလိုပဲ တုန့်ပြန် ဖြေကြားခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က ” ပထမဆုံး အနေနဲ့ ကျွန်တော်တို့ဟာ ဒီ စာချုပ် ကိစ္စတွေ မဆွေးနွေးခင် ၊ နောက်ထပ် တပတ် အတူတူ ကျော်ဖြတ်ရဖို့ ရှိပါသေးတယ် ။ စာချုပ် ကိစ္စအတွက် အရာရာ နှောင့်နှေး ကြန့်ကြာနေတယ်ဆိုတာ အကြောင်းရှိပါတယ် ။ ဟုတ်ပါတယ် ။ ဒီအတွက် ကျွန်တော်တို့ ဆွေးနွေးသွားဦးမှာပါ ။ ”

” ကလပ် ဘုတ်အဖွဲ့ဟာ ကျွန်တော့ရဲ့ အတွေးအမြင်တွေကို ကောင်းကောင်း နားလည် သဘောပေါက်ပါတယ် ။ ဒီတော့ ကစားသမားတွေရဲ့ စာချုပ် ကိစ္စတွေကို ကြေညာဖို့ အချိန် မကျသေးဘူးလို့ပဲ ကျွန်တော် ပြောချင်ပါတယ် ။ ကလပ် က ဒီကိစ္စတွေမှာ တာဝန်ယူရတာပါ ။ နည်းပြ အတွက် မဟုတ်ပါဘူး ။ ဒါမျိုး ဒီအတိုင်းပဲ ဆက်ရှိနေတာက ကောင်းပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ တူချယ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ပီအက်စ်ဂျီ အသင်းကို ကိုင်တွယ်ခဲ့စဉ်က သီယာဂို ဆေးလ်ဗားနဲ့ အတူ ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီး ၊ ဘိုင်ယန်မြူးနစ် အသင်းကို အရေးနိမ့်ခဲ့ပါတယ် ။ တိုက်ဆိုင်စွာပဲ ၊ ရှေ့ဆင့်နောက်ဆင့် တူချယ်နဲ့ သီယာဂို ဆေးလ်ဗားတို့ဟာ ချဲလ်ဆီး အသင်းနဲ့ အတူ ဒီရာသီမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အဆင့်ကို ထပ်မံ တက်ရောက်လာပါတယ် ။

မနှစ်က အတွေ့အကြုံတွေက ဒီနှစ် ဗိုလ်လုပွဲ အတွက် အထောက်အကူ ဖြစ်မဖြစ်နဲ့ ပတ်သက်ပြီး တူချယ် က ” သေချာတာကတော့ ကျွန်တော် မနှစ်ကနေ အများကြီး သင်ယူခဲ့ရပါတယ် ။ ပွဲတိုင်းမှာလည်း ကျွန်တော် လေ့လာ သင်ယူခဲ့ရပြီး ၊ ဒီ အတွေ့အကြုံ တွေက နည်းပြ တယောက် အတွက် အရမ်း အဖိုးတန် အရေးပါပါတယ် ။ ”

” အတွေ့အကြုံ အများကြီး ရလာလေလေ ၊ ပိုကောင်းတဲ့ နည်းပြ တဦး အသွင် ဆောင်လေလေပါပဲ ။ ကျွန်တော် ဟာ ဒီကို ပိုပြီး ထက်မြက်တဲ့ ၊ ရင့်ကျက်တဲ့ နည်းပြ တဦး အနေနဲ့ ရောက်လာတာပါ ။ သီယာဂို အတွက်လည်း ထိုနည်းတူစွာပါပဲ ။ ဒါပေမယ့် မနှစ်က အခြေအနေနဲ့ အခု အခြေအနေ က ကွဲပြားမှု ရှိပါတယ် ။ ”

” မနှစ်က ကျွန်တော် ဟာ ပီအက်စ်ဂျီ အသင်းနဲ့ ၁၂ရက်တာ ကာလအတွင်း တပွဲတည်းနဲ့ အဆုံးအဖြတ်ပေးတဲ့ ရှုံးထွက်ပွဲ ၂ပွဲ ကစားပြီး ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာပါ ။ ဒီနှစ်မှာတော့ ကျွန်တော် တို့ဟာ ဒီအဆင့်ကို ရောက်လာဖို့ ရှည်လျားတဲ့ ကာလတခုကို ကျော်ဖြတ်ခဲ့ရတာပါ ။ ”

” ဖရန့် ( လမ်းပတ် ) က အုပ်စု အဆင့်ကနေ ကျော်လွန်အောင် စွမ်းဆောင်ပေးခဲ့ပြီး ၊ ကျွန်တော် ကတော့ ရှုံးထွက်ပွဲ ၆ပွဲ ကိုင်တွယ်ပြီး ဒီ ဗိုလ်လုပွဲ ကို ပို့ဆောင်ထားပေးခဲ့တာပါ ။ လက်ရှိ အသင်းမှာ ချန်ပီယံလိဂ် နဲ့ ပတ်သက်တဲ့ အတွေ့အကြုံ ကြီးကြီးမားမား မရှိပေမယ့် ၊ သီယာဂို လို ကစားသမားမျိုးကို ပိုင်ဆိုင်ထားရတာဟာ ဗိုလ်လုပွဲကို ရောက်ရှိစေဖို့ တဖက်တလမ်းက အထောက်အကူ ပေးခဲ့ပါတယ် ။ ”

” အသင်းလိုက် အနေနဲ့ အတွေ့အကြုံ အများကြီး မရှိပေမယ့် ၊ ဒီအချက်ဟာ အမြဲတမ်း အဆုံးအဖြတ်ပေးတဲ့ အရာ မဟုတ်ပါဘူး ။ ကစားသမားတွေဖက်က ကြည့်ရင်လည်း ၊ သူတို့ဟာ နည်းပြ တယောက်ဆီကနေ မနှစ်က ရခဲ့ဖူးတဲ့ မတူညီတဲ့ ကလပ် တသင်းက အတွေ့အကြုံတွေ ၊ ဇာတ်လမ်းတွေကို ထိုင်ပြောနေရင် သူတို့လည်း နှစ်မြို့မှာ မဟုတ်ပါဘူး ။ ”

” စည်းစည်းလုံးလုံး ရှိနေရမယ် ဆိုတဲ့ အချက် တချက်ကိုသာ ကျွန်တော်တို့ အသုံးပြုရပါမယ် ။ အခုဆို လက်ရှိ အသင်းက ကစားသမား အများစု အတွက် ဒီ ဖိုင်နယ် ကို ပထမဆုံး အကြိမ် တက်ရောက်လာပါပြီ ။ ဒီအတွက် ကျွန်တော်တို့ ပြင်ဆင်ကြမယ် ၊ ခေါင်းစဉ်ကောင်း တခုခုကို ရှာပြီး လာမယ့် စနေနေ့မှာ အသုံးချဖို့ ကြိုးစားရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular