အာဆင်နယ် အသင်း ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ပေါလ်မာဆင် က ဒီကြားရက်မယ့် ကစားမယ့် ဝက်စ်ဟမ်း အသင်း နဲ့ လန်ဒန် ဒါဘီပွဲမှာ အာတီတာ အနေနဲ့ အူဘာမီယန်း ကို အရန်ခုံမှာပဲ ထိုင်ခိုင်းသင့်တယ်လို့ အကြံ ပေးလိုက်ပါတယ် ။
အာဆင်နယ် အသင်းရဲ့ လက်ရှိ အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်း ဟာ စည်းကမ်း ချိုးဖောက်မှုကြောင့် နောက်ဆုံး ကစားခဲ့တဲ့ ဆောက်သမ်တန် နဲ့ ပွဲလူစာရင်းကနေ ချန်လှပ် ခံခဲ့ရပါတယ် ။
ဂါဘွန် လက်ရွေးစင် တိုက်စစ်မှူး အူဘာမီယန်း ဟာ ပုဂ္ဂိုလ်ရေး ကိစ္စ တစ်ခုကြောင့် ခရီးထွက် ခဲ့ပြီး သတ်မှတ် အချိန်မှာ အသင်း နဲ့ ပြန်လည် ပူးပေါင်း နိုင်ခဲ့ခြင်း မရှိဘဲ နောက်ကျတာကြောင့် ချန်လှပ် ခံခဲ့ရတာ ဖြစ်တယ်လို့လည်း သိရပါတယ် ။
ဆောက်သမ်တန် ကို အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ အာတီတာ က အူဘာမီယန်း ကို လာမယ့် ဝက်စ်ဟမ်း နဲ့ ပွဲမှာ ပြန်လည် ပါဝင်ခွင့်ပြုမှာ ဖြစ်ကြောင်း အတည်ပြုပြောကြား ခဲ့ပါတယ် ။ ဒါပေမယ့် ပေါလ်မာဆန် ကတော့ ဝက်စ်ဟမ်း နဲ့ ပွဲမှာ ဂါဘွန်သားကို ပွဲထွက် ကစားခွင့် မပေးသင့်ကြောင်း Sky Sports မှာ ပြောကြား သွားခဲ့ပါတယ် ။
” မန်နေဂျာ ရဲ့ လုပ်ရပ်က သင့်တော် မျှတ ပါတယ် ၊ ဒါပေမယ့် ဗုဒ္ဓဟူးနေ့ ပွဲမှာ အူဘာကို ပွဲထွက် ကစားခွင့် ပေးမယ်ဆိုရင်တော့ မဟုတ်သေးပါဘူး ၊ အာတီတာ ရဲ့ တုန့်ပြန် အပြစ်ပေးပုံက မျှတပါတယ် ၊ သူ ဒီကိစ္စကို ကောင်းကောင်း ကိုင်တွယ်ထားနိုင်ပါတယ် ၊ ကျွန်တော်ကတော့ သူ မပါတဲ့ချိန် အလွယ်တကူ အနိုင်ရခဲ့တာကို သူ့ကို ဘာကြောင့် ပွဲထွက်ခွင့် ပေးနေမှာလဲလို့ပဲ တွေးပါတယ် ။ ”
” အာဆင်နယ် မှာ လူငယ် ကလေးတွေ အများကြီးပါ ၊ အာဆင်နယ် က လူငယ် အများစုနဲ့ စုဖွဲ့ ထားပါတယ် ။ အူဘာ က ကပ္ပတိန်ပါ ၊ လစာလည်း အများကြီး ရနေပါတယ် ၊ အသင်းကို ဦးဆောင်မှု ပေးရမယ့်သူပါ ၊ ဒါမျိုးက အကြိမ်ကြိမ် ဖြစ်နေပါတယ် ။ အာဆင်နယ် အသင်း ကစားပုံကောင်းပြီး အူဘာမီယန်း ခြေစွမ်းမပြနိုင်တာမျိုးကို ဘယ်နှစ်ကြိမ်လောက် မြင်ခဲ့ရပြီးပြီလဲ ? ။ ”
” နယူးကာဆယ် နဲ့ ပွဲမှာ သူတို့ ကစားပုံ ကောင်းပါတယ် ၊ အူဘာမီယန်း ကလည်း အားသွန်ခွန်စိုက် ကစားခဲ့တာကြောင့် လူငယ်လေးတွေလည်း အူဘာလို လိုက်ကစားခဲ့ကြတာပါ ။ အူဘာ အနေနဲ့ ကွင်းပြင်ပမှာလည်း လူငယ်တွေအတွက် စံပြ ဖြစ်နေရမှာပါ ။ ဒါကြောင့် အာတီတာ ခုလို လုပ်လိုက်တာ မှန်ကန်ပါတယ် ။ ”
“ဆောက်သမ်တန် နဲ့ ပွဲက လူစာရင်းက အပြောင်းအလဲ ဘယ်လို လုပ်မလဲ ဆိုတာ ကျွန်တော် မမြင်မိပါဘူး ။ သူတို့က တကယ်ကောင်းတဲ့ ဂိုးအချို့နဲ့ ဆောက်သမ်တန် ကို ဖြိုဖျက် ပြခဲ့တာပါ ၊ ဆောက်သမ်တန် နဲ့ ပွဲက လူစာရင်း အတိုင်းပဲ ပွဲထွက်လာပြီး အူဘာမီယန်း ကို အရန်ခုံမှာ ထားလို့ ရပါတယ် ။ ”
” အဲဗာတန် နဲ့ ပွဲမှာတုန်းကလည်း အူဘာ အရန်ခုံမှာ ထိုင်ခဲ့ရဖူးပါတယ် ၊ ဒါပေမယ့် ပွဲချိန် ၈၅ မိနစ် ရောက်တဲ့ အထိ လူစားဝင် ကစားခွင့် မရခဲ့ပါဘူး ၊ အန်ခီတီးယား တောင် သူ့ထက် အရင် ဝင်ကစားခွင့် ရခဲ့ပါတယ် ။ ”
” အူဘာ က နောက်ကျတဲ့ အပြစ်ဒဏ် အနေနဲ့ အသင်းရဲ့ လူစာရင်းကနေ ချန်လှပ် ခံခဲ့ရ ပြီးပါပြီ ။ သူ မပါတဲ့ပွဲမှာလည်း အသင်းက အနိုင် ရခဲ့ပါတယ် ၊ ဝက်စ်ဟမ်း နဲ့ ပွဲမှာတော့ သူ အသင်း လူစာရင်းမှာ ပြန်လည် ပါဝင်ပြီး လူစားဝင် ကစားခွင့် ရပါလိမ့်မယ် ၊ ဒါပေမယ့် အူဘာ အနေနဲ့ သတိထားဖို့ လိုအပ်ပါတယ် ၊ ပရိသတ်တွေက သူ့အပေါ် သည်းခံနိုင်မှုကုန်ဆုံးနေပါပြီ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။