မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဝက်စ်ဘရွန်းအသင်းနှင့် ကစားမည့်ပွဲမှာ မိမိတို့အတွက် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ပြီးခဲ့သည့်တစ်ပတ်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် အဲဗာတန်အသင်းကို သရေသာကစားနိုင်ခဲ့သည့်အတွက် ရမှတ်(၂)မှတ် နစ်နာခဲ့ရသည်။
ထို့ကြောင့် ဆိုးလ်ရှားက အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေသည့် မန်စီးတီးအသင်းကို လိုက်မီရန်အတွက် မန်ယူအသင်းအတွက် ပွဲစဉ်တိုင်းမှာ အရေးကြီးကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။
ဆိုးလ်ရှားက “တနင်္ဂနွေနေ့မှာ ကစားမယ့် ဝက်စ်ဘရွန်းနဲ့ပွဲက ကျွန်တော်တို့အတွက် အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်ပါတယ်။ ဒီကာလဟာ အရေးကြီးတဲ့ ကာလဖြစ်ပြီး ကျွန်တော့်တို့အနေနဲ့ ရှေ့က အသင်းကိုလိုက်မီဖို့အတွက် ပွဲစဉ်တိုင်းက အရေးကြီးပါတယ်။ ကျွန်တော်တို့အနေနဲ့ ဝက်စ်ဘရွန်းကို လျှော့တွက်လို့ မရပါဘူး။ လေးစားမှုအပြည့်နဲ့ ယှဉ်ပြိုင်ရမှာပါ။ ပြီးခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာ (၂)မှတ်လျှော့ခဲ့တဲ့အတွက် စိတ်ပျက်မိပါတယ်။ မန်စီးတီးအသင်းကို လိုက်မီဖို့က ကျွန်တော်တို့ လိုချင်တဲ့အရာဖြစ်ပြီး အဲဒီအတွက်လည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်”ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံး (၄)ပွဲတွင် (၁)ပွဲသာ အနိုင်ရခဲ့ပြီး (၂)ပွဲသရေ၊ (၁)ပွဲရှုံး ရလဒ် ထွက်ပေါ်ခဲ့သည်။ ထို့ကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် (၂၃)အပြီးတွင် မန်ယူအသင်းသည် ရမှတ် (၄၅)မှတ်ဖြင့် အဆင့်(၂)နေရာ၌ ရပ်တည်နေပြီး အဆင့်(၁)နေရာမှ ပွဲကျန်တစ်ပွဲကစားရန် ကျန်ရှိနေသေးသည့် မန်စီးတီးအသင်း (၅၀ မှတ်)နှင့် (၅)မှတ် ကွာဟနေသည်။