ပရော်ဖက်ရှင်နယ်ဘောလုံးသမားအဖွဲ့အစည်း (PFA) ဥက္ကဋ္ဌဖြစ်သူ မိုလန်ဂိုက တရားမဝင်လောင်းကစားမှု ပြုလုပ်သည်ဆိုသော သံသယဖြင့်စစ်ဆေးခံနေရသည့် နယူးကာဆယ်ကွင်းလယ်ကစားသမား တိုနာလီနှင့် အက်စတွန်ဗီလာကွင်းလယ်ကစားသမား ဇာနီယိုလိုတို့အတွက် စိတ်ပူကြောင်း ပြောကြားခဲ့သည်။
တိုနာလီနှင့် ဇာနီယိုလိုတို့သည် ယခင်ကလပ်များဖြစ်သည့် အေစီမီလန်နှင့် ရိုးမားအသင်းတို့တွင်ကစားခဲ့စဉ်က တရားမဝင်လောင်းကစားမှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာ အီတလီနိုင်ငံတွင် အစိုးရရှေ့နေများ၏ စစ်ဆေးမှုကို ခံနေရသည်။
ဇာနီယိုလိုက တရားမဝင်လောင်းကစားမှု ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ငြင်းဆန်ထားသော်လည်း တိုနာလီမှာမူ လောင်းကစားအပေါ် စွဲလမ်းသည့်ရောဂါခံစားနေရကြောင်း ၎င်း၏အေးဂျင့်ဖြစ်သူက ဝန်ခံထားသည်။
ယခုအခါ PFA ဥက္ကဋ္ဌ မိုလန်ဂိုက “အခုတိုနာလီနဲ့ ဇာနီယိုလိုတို့ ရင်ဆိုင်နေရတဲ့ ပြဿနာက စိုးရိမ်စရာကောင်းပါတယ်။ သူတို့အနေနဲ့ သူတို့လုပ်ခဲ့တာတွေကို တာဝန်ယူရမှာပါ။ အင်္ဂလန်မှာဆိုရင် ဘောလုံးသမားတွေအနေနဲ့ ဘောလုံးနဲ့ပတ်သက်ပြီး လောင်းကစားလုပ်တာကို လုံးဝလက်မခံပါဘူး။ သိပ်မကြာခင်က ဘရန့်ဖို့ဒ်တိုက်စစ်မှူး တိုနေးဟာ လောင်းကစားမှုကြောင့် ကာလရှည်ပွဲပယ်ခံခဲ့ရတယ်။ တိုနာလီရဲ့အမှုက စိတ်ဝင်စားစရာကောင်းပြီး အင်္ဂလန်မှာ ဒီလိုပြဿနာကို အရမ်းအလေးထားကြပါတယ်” ဟု ပြောကြားခဲ့သည်။