ဘာစီလိုနာအသင်းသည် နည်းပြဇာဗီနှင့် အနာဂတ်မတည်မငြိမ်ဖြစ်နေသလို ယခုရာသီတွင် ခြေစွမ်းပြရန်ရုန်းကန်နေရသည့် အသင်း၏အဓိကတိုက်စစ်မှူး လီဝန်ဒေါစကီးကို ရောင်းချရန်စီစဉ်နေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။
အသက် (၃၅)နှစ်အရွယ်ရှိ ပိုလန်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးသည် ပြီးခဲ့သည့် ၂၀၂၂ နွေရာသီက ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းနှင့် ပထမဆုံးရာသီတွင် လာလီဂါချန်ပီယံဆု၊ စပိန်စူပါဖလားချန်ပီယံဆုနှင့် လာလီဂါရွှေဖိနပ်ဆုများရယူကာ ခြေစွမ်းပြနိုင်ခဲ့သည်။
သို့သော် ယခုရာသီတွင်မူ လီဝန်ဒေါစကီးသည် ဒဏ်ရာပြဿနာနှင့် ကြံ့ခိုင်မှုပြဿနာများကြောင့် အသင်းအတွက် ပြိုင်ပွဲစုံပွဲ (၂၀)ကစားရာတွင် (၉)ဂိုးသာသွင်းယူထားပြီး ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသည်။
ထို့ကြောင့် ဘာစီလိုနာအသင်းတာဝန်ရှိသူများအနေဖြင့် အသက်အရွယ်ရလာပြီဖြစ်သည့် လီဝန်ဒေါစကီးအား ရောင်းချရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။