ဘာစီလိုနာအသင်းသည် ယခုနွေရာသီတွင် ခေါ်ယူရန် အဓိကကြိုးပမ်းနေသည့် ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးအတွက် ကမ်းလှမ်းမှုပြုလုပ်ထားပြီး တုံ့ပြန်လာမည့်အဖြေကို စောင့်ဆိုင်းလျက်ရှိကြောင်း ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာက အတည်ပြု ပြောကြားသည်။
အသက် (၃၃) နှစ်အရွယ်ရှိ ပိုလန်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးသည် ၂၀၂၃ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာလိုသည်ဟု အတိအလင်းပြောကြားထားသူဖြစ်သည်။
ထို့ကြောင့် ဘာစီလိုနာအသင်းသည် လီဝန်ဒေါစကီးကို ခေါ်ယူရန် အကြိမ်ကြိမ်ကမ်းလှမ်းခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းဘက်က လိုချင်သည့်ကြေးမရသဖြင့် ပယ်ချခဲ့သော်လည်း ယခုအခါ ထပ်မံကမ်းလှမ်းထားခြင်းဖြစ်ကြောင်း လာပေါ်တာက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကစားသမားအတွက် ကျွန် တော်တို့ ကမ်းလှမ်းမှုတစ်ခု လုပ်ထားပါတယ်။ တုံ့ပြန်လာမယ့်အဖြေကို ကျွန်တော်တို့စောင့် နေပါတယ်။ အဲဒါက အပြုသဘောဆောင်တဲ့ အဖြေလားဆိုတာကို စောင့်ကြည့်ရမှာပါ။ ကျွန်တော်တို့ ကမ်းလှမ်းမှုလုပ်ထားပါတယ်။ အခုအချိန်မှာ ဘိုင်ယန်အနေနဲ့ ဒါကိုချိန်ဆဖို့ လုပ်ရမှာပါ”ဟု လာပေါ်တာက ပြောကြားသည်။
လီဝန်ဒေါစကီးကို ဘာစီလိုနာအသင်းက ယူရို ၄၅ သန်းဖြင့် ကမ်းလှမ်းထားသော်လည်း ဘိုင်ယန်မြူးနစ်အသင်းက ယူရိုသန်း ၅၀ ရရှိမှသာ ရောင်းချဖွယ်ရှိနေသည်။