ချယ်လ်ဆီးအသင်းသည် ဘိုင်ယန်မြူးနစ်အသင်းမှ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ခေါ်ယူရန် စတင်လှုပ်ရှား ခဲ့ကြောင်း ဗြိတိန်မီဒီယာအချို့က ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်နှစ် နွေရာသီအပြောင်းအရွှေ့တွင် ဂျာမန်တိုက်စစ်မှူး တီမိုဗာနာကို ခေါ်ယူအားဖြည့်ခဲ့သော်လည်း အားကိုးအားထားပြုရလောက်သည့် အခြေအနေမရှိသောကြောင့် လာမည့်နွေရာသီတွင် တိုက်စစ်ပိုင်းကို ထပ်မံအားဖြည့်ရန် စီစဉ်နေရာ လီဝန်ဒေါစကီးကိုလည်း ပစ်မှတ်ထားလာခြင်းဖြစ်ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် စပါးအသင်းမှ ထွက်ခွာခွင့်တောင်းထားသည့် အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းအပါအဝင် အင်တာမီလန်အသင်းမှ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူနှင့် ဒေါ့မွန်အသင်းမှ နော်ဝေတိုက်စစ်မှူး ဟော်လန်းတို့ကိုလည်း ချိန်ရွယ်နေသည်။
သို့သော် အခြားကစားသမားများအတွက် အသုံးပြုရမည့် ပြောင်းရွှေ့ကြေးမှာ မြင့်မားလွန်းနေခြင်းကြောင့် လီဝန်ဒေါစကီးကို ခေါ်ယူရန် ပစ်မှတ်ထားလာခြင်းဖြစ်ကြောင်း သိရသည်။
လီဝန်ဒေါစကီးသည် အသက်(၃၂)နှစ်ရှိပြီဖြစ်သော်လည်း အကောင်းဆုံးဂိုးသွင်းစွမ်းရည်ကို ပြသလျက်ရှိပြီး လက်ရှိရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲ၌ (၂၈)ပွဲကစားပြီး ဂိုး(၄၀) သွင်းယူထားသည်။
ထို့ကြောင့် ချယ်လ်ဆီးအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်ပြီး ၎င်း၏အေးဂျင့်ထံ ဆက်သွယ်မှု ပြုလုပ်ခဲ့ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။
လီဝန်ဒေါစကီးသည် ဘိုင်ယန်မြူးနစ်အသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း အပြောင်းအရွှေ့သတင်းများ မကြာခဏထွက်ပေါ်နေသူဖြစ်ပြီး ၎င်း၏ အေးဂျင့် ဇဟာဗီကလည်း လီဝန်ဒေါစကီးအနေဖြင့် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေကြောင်း ပြောကြားခဲ့ဖူးသည်။
သို့သော် ဘိုင်ယန်မြူးနစ်အသင်းက လီဝန်ဒေါစကီးကို ပြောင်းရွှေ့ကြေးပေါင်သန်း(၇၀)ဝန်းကျင် ရရှိမှသာ ထွက်ခွာခွင့်ပြုဖွယ်ရှိကြောင်း သိရသည်။
ထို့ပြင် လက်ရှိ အချိန်၌ လီဝန်ဒေါစကီးကို ခေါ်ယူရန် ဘာစီလိုနာနှင့် PSG အသင်းတို့ကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။
လီဝန်ဒေါစကီးသည် အော့စ်ဘတ်နှင့် ယှဉ်ပြိုင်ကစားမည့် ဘွန်ဒစ်လီဂါနောက်ဆုံးပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့ပါက ဘွန်ဒစ်လီ ဂါပြိုင်ပွဲ၏ သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းယူနိုင်သည့် တိုက်စစ်မှူးအဖြစ် စံချိန်သစ်တင်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။