လီဗာပူး ဂိုးသမားဟောင်း တစ်ဦး ဖြစ်သူ ဒေးဗစ်ဂျိမ်းစ်က လီဗာပူး အသင်း အနေနဲ့ တိုက်စစ်မှုး မိုဟာမက်ဆာလား အတွက် သင့်တင့်မျှတတဲ့ ပြောင်းရွေ့ကြေးနဲ့ ကမ်းလှမ်း လာခဲ့မယ် ဆိုရင် လက်ခံ စဉ်းစားသွားဖို့ အဆင်သင့် ဖြစ်နေလောက်တယ်လို့ ယုံကြည် နေပါတယ်။ ဆာလားဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် နွေရာသီက ရိုးမား ကနေ လီဗာပူးကို ပေါင် ၃၄ သန်းနဲ့ ပြောင်းရွေ့ လာခဲ့သူ ဖြစ်ပြီး အန်ဖီး ကလပ် အတွက် ၁၆၅ ပွဲမှာ သွင်းဂိုး ၁၀၄ ဂိုးထိ ရယူ ခဲ့သူ ဖြစ်ပါတယ်။
ဆာလားဟာ လီဗာပူးတို့ ပရီးမီးယားလိဂ် ဖလား ၊ ချန်ပီယံလိဂ် ဖလား ၊ စူပါဖလား နဲ့ ကလပ် ကမ္ဘာ့ဖလား တို့ကို ဆွတ်ခူး နိုင်ခဲ့ရာမှာ အဓိက အခန်းကဏ္ဍ ပါဝင် ပေးခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျိမ်းစ်က လီဗာပူး အသင်းဟာ အီဂျစ် လက်ရွေးစင် အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရရှိ လာခဲ့မယ် ဆိုရင် လက်ခံ စဉ်းစား သွားဖို့ ဆန္ဒ ရှိနေနိုင်တယ်လို့ သုံးသပ် လိုက်ပါတယ်။
ဒေးဗစ်ဂျိမ်းစ်က “အကယ်၍ သူ့အတွက် ကမ်းလှမ်းတဲ့ ဈေးနှုန်းသာ မှန်ကန်မှု ရှိခဲ့မယ် ဆိုရင် ဘယ်ကစားသမား မဆို ရောင်းချ သွားမှာပါ။ ဈေးနှုန်း ဘယ်လောက်နဲ့ ကမ်းလှမ်းသလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ ဒါဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တော့ ဖြစ်လာမှာပါ။ ဘာလို့လဲဆိုတော့ သူဟာ ဂိုးတွေ အမြဲတမ်း သွင်းယူလေ့ ရှိတဲ့ ကစားသမားမျိုး ဖြစ်နေလို့ပါ။ ဒီလိုမျိုး ကစားသမား တွေကို အသင်းတိုင်းက အလို ရှိကြပါတယ်။
အကယ်၍ ခင်ဗျားတို့ မန်ချက်စတာစီးတီးကို ကြည့်လိုက်မယ် ဆိုရင် သူတို့ဟာ ဆာဂျီယို အဂွေးရိုးကို တအား မှီခို နေရပါတယ်။ အကယ်၍ ဆာလားသာ မန်စီးတီးကို ပြောင်းသွား ခဲ့မယ် ဆိုရင် ငွေကြေး ဘယ်လောက်ပဲ ရရ ဒါဟာ လီဗာပူး အတွက် ကောင်းမွန်တဲ့ ကစားသမား ရောင်းချမှု ဖြစ်လာမယ်လို့ ကျွန်တော် မထင်ပါဘူး။ အကယ်၍ သူ တစ်ခြား လိဂ်ပြိုင်ပွဲ ၊ တစ်ခြား နိုင်ငံကို သွားခဲ့မယ် ဆိုရင်တော့ ဒါဟာ ကောင်းမွန်တဲ့ business ဖြစ်လာနိုင် ပါတယ်။
လီဗာပူးဟာ ဆာလားကို မှီခို နေရတဲ့ အသင်းလို့ ကျွန်တော် မထင်မိပါဘူး။ ဒါဟာ ယာဂန်ကလော့ အတွက် ကောင်းမွန်တဲ့ အရာပါ။ သို့ပေမယ့်လည်း သူ့လို ကစားသမားမျိုးရဲ့ နေရာကို အစားထိုးဖို့ လိုအပ် နေဆဲ ဖြစ်ပါတယ်။ ဆာလားရဲ့ နေရာမှာ ဘယ်သူ့ကို အစားထိုး သွားမလဲ? ဒီယေဂိုဂျိုတာ ၊ ဆာဒီယိုမာနေး နဲ့ ဖာမီနို တို့ဟာ လီဗာပူး အတွက် ပွဲတိုင်း ပါဝင် ကစား ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒီဗော့ အိုရီဂီ ကတော့ လီဗာပူး ရဲ့ တိုက်စစ်ပိုင်းကို အကောင်းဆုံး cover လုပ်ပေးနိုင်တဲ့ သူမဟုတ်ပါဘူး။ သူဟာ ဆာလားရဲ့ ကွက်လပ်ကို ဖြည့်ကစား ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဆာလားဟာ လီဗာပူး အတွက် မရှိမဖြစ် ကစားသမား တစ်ဦးတော့ မဟုတ်ပါဘူး။” လို့ ဆိုလိုက်ပါတယ်။
မိုဟာမက်ဆာလားဟာ ပြီးခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ် ကာလ အတွင်း ကိုဗစ် ၁၉ positive ဖြစ်ခဲ့တာကြောင့် လက်စတာနဲ့ ပွဲစဉ်ကို လွဲချော် ခဲ့ရပေမယ့် တနင်္ဂနွေနေ့က ဆေးစစ်မှု ပြုလုပ်ခဲ့ရာမှာတော့ Negative ပြန်ပြခဲ့ပါတယ်။ ဒါ့ကြောင့် ဆာလားဟာ တနင်္လာနေ့မှာ လီဗာပူးနဲ့ အတူ ပြန်လည် လေ့ကျင့်ခန်း ပြန်ဆင်း နိုင်ခဲ့ပြီး အတ္တလန်တာနဲ့ ပွဲမှာ ပါဝင် ကစားသွားဖို့ ရှိနေပါတယ်။
ကလော့က “ဟုတ်ပါတယ်။ သူ negative ထွက်ခဲ့တယ်လို့ ဒီနေ့မှာ ကျွန်တော်တို့ ကြားခဲ့ပါတယ်။ သူဟာ အခုချိန်က စပြီး အခြားသူတွေနဲ့ အတူ normal testing ကို ခံယူရတော့မှာပါ။ မနက်ဖြန်မှာ ချန်ပီယံလိဂ် ပွဲစဉ် အတွက် ကျွန်တော်တို့ ယူအီးအက်ဖ်အေရဲ့ ဆေးစစ်မှုကို ခံယူရမှာပါ။ ဆာလားလည်း ပါဝင်နိုင်ပါလိမ့်မယ်။ သူဟာ မနက်ဖြန်က စပြီး ကျွန်တော်တို့နဲ့ အတူ လေ့ကျင့်ခန်း ဆင်းနိုင်ပြီ ဖြစ်ပါတယ်။ သူ့ကို လာမည့် ၂ ရက်မှာ ကိုဗစ် test စစ်ဆေး သွားမှာပါ။ အမှန်ပါပဲ။ သူဟာ ကျွန်တော်တို့ အားလုံးနဲ့ အတူ ဆေးစစ်မှု ခံယူ သွားတော့မှာပါ။” လို့ ဆိုလိုက်ပါတယ်။