လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က မန်စီးတီးကို အနိုင်ရခဲ့သည့် FA ဖလားဆီမီးဖိုင်နယ်နိုင်ပွဲမှာ ဖလား (၄)လုံးရယူနိုင်ရန် မည်မျှခက်ခဲလိမ့်မည်ဆိုခြင်းကို ပြသရာရောက်သည်ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ယခုရာသီတွင် လိဂ်ဖလားချန်ပီယံဆု ရရှိထားပြီးဖြစ်သလို၊ FA ဖလားတွင် ဗိုလ်လုပွဲ၊ ချန်ပီယံလိဂ်တွင် ဆီမီးဖိုင်နယ်ရောက်ရှိနေပြီး ပရီးမီးယားလိဂ်တွင်လည်း အဆင့်(၂)နေရာတွင် ရပ်တည်နေသည်။
ထို့ကြောင့် တစ်ရာသီအတွင်း ဖလား(၄)လုံးစလုံး ရယူနိုင်ရန် မျှော်လင့်ချက်ရှိနေသော်လည်း ယာဂန်ကလော့ပ်က ခက်ခဲသည့် စိန်ခေါ်မှုဖြစ်ပြီး ပွဲတိုင်းကို အနိုင်ရရန် ဖြစ်နိုင်ခြေမရှိဟုလည်း ဆိုခဲ့သည်။
ယာဂန်ကလော့ပ်က “ကိုယ်လိုချင်တာကို ကိုယ်ပြောလို့ရပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်တာထက် ပိုပြောလို့တော့ မရပါဘူး။ ဒီနေ့ပွဲက ဖလား(၄)လုံးရယူဖို့ ဘယ်လောက်ခက်ခဲမယ်ဆိုတာ ပြသခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ မန်စီးတီးနဲ့ ခက်ခက်ခဲခဲကစားခဲ့ရသလို၊ (၃)ရက်အတွင်း မန်ယူနဲ့ ရင်ဆိုင်ရမှာပါ။ ပြီးတော့ အဲဗာတန်။ ဘယ်ပွဲမှ ခြေစမ်းပွဲလို ဖြစ်လာမှာမဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။