အက်စတွန်ဗီလာအသင်း၏ တိုက်စစ်မှူးဟောင်း အဘွန်လဟော်က လီဗာပူးလ်အသင်းအနေဖြင့် ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နိုင်ရန် ခက်ခဲသွားပြီဖြစ်ပြီး ထိပ်ဆုံး(၄)နေရာအတွက်သာ ဦးတည်သင့်တော့ကြောင်း ပြောကြားခဲ့သည်။
အဘွန်လဟော်က “ကျွန်တော့် အတွက်တော့ လီဗာပူးလ်အသင်းက ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နိုင်မှာမဟုတ်တော့ပါဘူး။ သူတို့ ထိပ်ဆုံး(၄)သင်းထဲ ဆက်ရှိနေဖို့အတွက်သာ တိုက်ပွဲဝင်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ အာဆင်နယ်နဲ့ စပါးတို့က နိုင်လိုစိတ်အပြည့်နဲ့ ကစားနေတာကြောင့်ပါ။ အဲဒီ အရာက လီဗာပူးလ်အသင်းမှာ ပျောက်ဆုံးနေတဲ့ အရာလည်းဖြစ်ပါတယ်”ဟု သုံးသပ်ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၆ အပြီးတွင် နိုင်ပွဲ ၂ ပွဲသာရရှိထားပြီး ၃ ပွဲသရေ ၁ ပွဲရှုံး ရမှတ် ၉ မှတ်ဖြင့် အဆင့် ၇ နေရာတွင် ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ အာဆင်နယ်အသင်းနှင့် ၆ မှတ်ကွာဟလျက်ရှိသည်။