လီဗာပူးလ်အသင်း၏ အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်သည့် ဆာလာသည် အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန်ကိစ္စ အဆင်မပြေဖြစ်ခဲ့ပါက စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းထံသို့ ပြောင်းရွှေ့ဖြစ်ဖွယ်ရှိနေသည်ဟု စပိန်မီဒီယာများက ဖော်ပြခဲ့သည်။
ဆာလာသည် လီဗာပူးလ်အသင်းနှင့် ၂၀၂၃ ခုနှစ် တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ယခုရာသီကုန်တွင် စာချုပ်သက်တမ်းမတိုးနိုင်ပါက သူ၏ လက်ရှိစာချုပ် သက်တမ်း နောက်ဆုံးနှစ်သို့ ရောက်ရှိလာမည်ဖြစ်သည်။
ဆာလာနှင့် လီဗာပူးလ်အသင်းတို့၏ စာချုပ်သစ်ကိစ္စတွင် နှစ်ဖက်စလုံးဘက်မှ ကြန့်ကြာမှုများရှိနေပြီး အဓိကပြဿနာမှာ ဆာလာ တောင်းဆိုသည် လစာငွေကြောင့်ဖြစ်ကြောင်းလည်း မီဒီယာများက ဆိုသည်။
ဆာလာသည် လီဗာပူးလ် အသင်းတွင် တစ်ပတ်လုပ်ခ ပေါင် (၅)သိန်းအထိ အလိုရှိနေသည်ဟု သတင်းများကဆိုနေပြီး ယင်းသတင်းများကို နောက်ပိုင်းတွင် ဆာလာဘက်က ငြင်းဆန်ခဲ့သည်။
သို့ရာတွင် စာချုပ်သက်တမ်းတိုးမည့် အခြေအနေနှင့်ပတ်သက်ပြီး မည်သည့်နောက်ဆက်တွဲသတင်းမှ ထွက်မလာဘဲ သတင်းငြိမ်နေချိန်တွင် စပိန်မီဒီယာများက ဆာလာသည် ဘာစီလိုနာအသင်းထံ မထင်မှတ်ဘဲ ပြောင်းရွှေ့ရောက်ရှိလာဖွယ်ရှိသည်ဟု ဖော်ပြနေကြခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းသည် ဆာလာအား စာချုပ်သက်တမ်းမကုန်ဆုံးမီ (၁)နှစ်အလိုဖြစ်သည့် ယခုရာသီကုန်တွင် ကမ်းလှမ်းရန်စီစဉ်နေပြီး ပြောင်းရွှေ့ကြေးကိုလည်း ယူရို သန်း (၇၀)ဝန်းကျင်အသုံးပြုရန် ဆန္ဒရှိနေသည်ဟု သိရှိရသည်။
ထို့ပြင် ဆာလာ၏ စိတ်ကြိုက်လစာငွေကို ပေးချေရန်အသင့်ရှိနေပြီး Spotify နှင့် ကွင်းအမည်မူပိုင်ခွင့် စာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းက ဆာလာအား ခေါ်ယူရန်အတွက် လုံလောက်သည့် ဘဏ္ဍာရေးအခြေအနေရှိလာစေသည်ဟု သိရှိရသည်။