လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ၎င်း၏အနာဂတ်ကို ကြိုတင်မစဉ်းစားထားဘဲ ထိပ်တန်းအဆင့်တွင်ရှိနေရမည့် ခွန်အားလိုအပ်ကြောင်း သတင်းထောက်များအား တုံ့ပြန်ပြောကြားခဲ့သည်။
ဂျာမနီနည်းပြဖြစ်သူ ယာဂန်ကလော့ပ် (၅၄ နှစ်) နှင့် လီဗာပူးလ်အသင်း၏ စာချုပ်သက်တမ်းမှာ ၂၀၂၄ ခုနှစ်မှ ကုန်ဆုံးမည်ဖြစ်ရာ နှစ်နှစ်ကျော် ကျန်ရှိနေသေးသည်။ သို့သော် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ၎င်း၏အနာဂတ်နှင့်ပတ်သက်၍ မေးမြန်းမှုများ မကြာခဏ ထွက်ပေါ်လျက်ရှိပြီး သတင်းစာရှင်းလင်းပွဲတွင်လည်း သတင်းထောက်များက ထပ်မံမေးမြန်းရာ ယာဂန်ကလော့ပ်က ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
“အဲဒီလိုလုပ်ဖို့ လိုအပ်တဲ့ ခွန်အားအခြေအနေမျိုး ကျွန်တော့်မှာ ရှိနေရင်ပေါ့။ အဲဒါက အရေးကြီးပါတယ်။ ကျွန်တော်က ကိုယ်လုပ်တဲ့အရာတွေကို သဘောကျပါတယ်။ ဒါပေမဲ့ ကျွန်တော်အကြိမ်ကြိမ်ပြောဖူးပါတယ်။ လောကကြီးမှာ တခြားအရာတွေလည်းရှိရပါမယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွမ်းကျင်တဲ့အရည်အသွေး၊ ကြည့်ကောင်းတဲ့ ရုပ်ရည်၊ အံ့မခန်းဘောလုံးသမားတွေရဲ့အကြောင်းအပြင် တခြားကိစ္စတွေလည်း စဉ်းစားဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအကြောင်း (အနာဂတ်) ကိုတော့ တကယ်မတွေးထားပါဘူး။ အခုလောလောဆယ်တော့ ခွန်အားတွေအပြည့်ရှိပါတယ်။ ဒါပေမဲ့ အဲဒီအရာကို သေချာစေဖို့ ကိုယ်တိုင်အပါအဝင် ကျွန်တော်တို့ လုပ်ကိုလုပ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်အနေနဲ့ တခြားသူတွေထက် ပိုပြီးမပင်ပန်းချင်ပါဘူး။ ကျွန်တော့်အနာဂတ်က အဆင်ပြေသွားမှာပါ။ ကျွန်တော့်မှာ စီစဉ်ထားတာ မရှိပါဘူး။ နောက်ဆုံးမိနစ်ရောက်မှလည်း စာချုပ်သက်တမ်းတိုးရင် တိုးနိုင်ပါတယ်။ အဲဒီအတိုင်းပဲ ထားလိုက်ရအောင်။ ဒါက ပြဿနာတစ်ခု မဟုတ်ပါဘူး။ အသင်းအတွက် အနာဂတ်အစီအစဉ်ကတော့ ကျွန်တော်တို့ အမြဲတမ်း လုပ်နေပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့လုပ်နေတာတွေက ကိုယ်တိုင်အတွက်၊ ဒီကစားသမားတွေအတွက်၊ ဒီမျိုးဆက်တွေအတွက် မဟုတ်ပါဘူး။ နောက်ထပ်နှစ်တွေ၊ အချိန်တွေ အများကြီးကြာမယ့် ကာလအတွက်ပါ။ ဒါကြောင့် ဒီနှစ်တွေထဲမှာ တိုးတက်မှုတွေရှိလာဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ကြတာပါ။ အဲဒါက မှန်ကန်တဲ့အရာကို လုပ်ရုံသက်သက်ပါပဲ။ လူမှန်နေရာမှန်ဖြစ်ဖို့လည်း ကြိုးစားရပါတယ်။ အဲဒါက ချန်ပီယံဆုရဖို့အတွက်ပဲ မဟုတ်ပါဘူး။ မှန်ကန်တဲ့အလုပ်အတွက် သင့်လျော်တဲ့သူဖြစ်ဖို့ လိုတာပါ။ အဲဒီအရာတွေအတွက် ကျွန်တော်တို့ကြိုးစားရပါမယ်။ အဲဒီလူတွေ တော်တော်များများက အခုဒီနေရာမှာ ရှိနေကြပါတယ်။ အဲဒီလူတွေက ကျွန်တော် ထွက်သွားပြီးတဲ့အချိန်မှာလည်း ဘယ်အချိန်ပဲဖြစ်ဖြစ် အဆင်ပြေပြီး ကောင်းအောင်လုပ်နိုင်ကြပါလိမ့်မယ်။ အခုလောလောဆယ်တော့ အဲဒါက ၂၀၂၄ မှာလုပ်မယ့် အစီအစဉ်ပါ။ ကျေးဇူးအများကြီးတင်ပါတယ်” ဟု ယာဂန်ကလော့ပ်က ပြောကြားခဲ့သည်။
ကလော့ပ်အနေဖြင့် လီဗာပူးလ်အသင်းနှင့် စာချုပ်ကုန်ဆုံးမည့် ၂၀၂၄ ခုနှစ်အထိ ဆက်ရှိနေမည်ဆိုပါက စုစုပေါင်း ကိုးနှစ်ရှိမည်ဖြစ်ပြီး နည်းပြသက်တမ်းတစ်လျှောက် အချိန်အကြာဆုံး ကိုင်တွယ်သည့် အသင်းအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။ ကလော့ပ်သည် ယခင်က မိန့်ဇ်အသင်းကို ၂၀၀၁ မှ ၂၀၀၈ ခုနှစ်အထိ ခုနစ်နှစ်၊ ဒေါ့မွန်အသင်းကို ၂၀၀၈ မှ ၂၀၁၅ ခုနှစ်အထိ ခုနစ်နှစ် တာဝန်ယူကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။
ကလော့ပ်သည် လီဗာပူးလ်အသင်းအား ကိုင်တွယ်သည့် ခုနစ်နှစ်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံ တစ်ကြိမ်၊ လိဂ်ဖလား တစ်ကြိမ်၊ ချန် ပီယံလိဂ်ဖလား တစ်ကြိမ်၊ ဥရောပစူပါဖလား တစ်ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား တစ်ကြိမ် ရရှိထားပြီး ယခုရာသီတွင် ဖလားလေးလုံးလမ်းကြောင်းပေါ် ရောက်ရှိနေသည်။