၂၀၂၀-၂၁ ရာသီ အင်္ဂလန်လိဂ်ဖလားပြိုင်ပွဲ (Carabao Cup) ဗိုလ်လုပွဲကို ပရိသတ်များ ကြည့်ရှုနိုင်ရန် မျှော်လင့်ချက်ဖြင့် ဧပြီလသို့ ရွှေ့ပြောင်းကျင်းပရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
လိဂ်ဖလားဗိုလ်လုပွဲကို မူလက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ(၂၈)ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် ခြိမ်းခြောက်မှုကြောင့် ယင်းကာလတွင် ပရိသတ်များ ကွင်းအတွင်း လာရောက်ကြည့်ရှုနိုင်ရန် ဖြစ်နိုင်ခြေနည်းပါးနေသည်။
လိဂ်ဖလားဗိုလ်လုပွဲကို ပရိသတ်(၉၀၀၀၀)ဝန်းကျင်ဝင်ဆံ့သည့် ဝင်ဘလေကွင်းတွင် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်ပြီး လက်ရှိအချိန်၌ လန်ဒန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်အတွက် တပ်လှန့်ခံထားရသည်။
ထို့ကြောင့် ၂၀၂၁ ခုနှစ်၊ ဧပြီလ (၂၅)ရက် တနင်္ဂနွေနေ့သို့ ရွှေ့ပြောင်းကျင်းပရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်ပွဲစဉ်များကိုမူ မူလသတ်မှတ် ထားသည့်နေ့ရက်များတွင်သာ ယှဉ်ပြိုင်ကစားသွားရမည်ဟု သိရသည်။
လိဂ်ဖလားဗိုလ်လုပွဲကို ယခုကဲ့သို့ ရွှေ့ပြောင်းလိုက်ခြင်းကြောင့် ချန်ပီယံလိဂ်ဆီမီဖိုင်နယ် ပထမအကျော့နှင့် နီးကပ်သွားကြောင်း သိရသည်။