ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက လာလီဂါချန်ပီယံအောင်ပွဲခံအခမ်းအနားတွင် ဂါရတ်ဘေးလ်မပါဝင်နိုင်ခဲ့ခြင်းမှာ ကောလာဟလများထွက်ပေါ်ခဲ့သည့် ပုဂ္ဂိုလ်ရေး ပြဿနာကြောင့်မဟုတ်ဘဲ ဒဏ်ရာပြဿနာကြောင့်သာဖြစ်သည်ဟု မက်ဒရစ်ဒါဘီပွဲစဉ်မတိုင်မီပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ပြီးခဲ့သည့်ရက်သတ္တပတ်က ယှဉ်ပြိုင်ခဲ့သော အက်စ်ပန်ညိုအသင်းအား (၄-၀)ဂိုးဖြင့်အနိုင်ရသည့် လာလီဂါပွဲစဉ် (၃၄)အပြီးတွင် ယခုရာသီလာလီဂါချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး ဂါရတ်ဘေးလ်မှာ ယင်းပွဲအပြီးပြုလုပ်သော ဆုပေးပွဲတွင် အသင်းနှင့်အတူ ပူးပေါင်းပါဝင်နိုင်ခဲ့ခြင်းမရှိပေ။
ဂါရတ်ဘေးလ်သည် နည်းပြအန်ဆယ်လော့တီလက်ထက်မတိုင်မီကတည်းက ရီးယဲလ်အသင်းတွင် ပွဲကစားခွင့် ပျောက်ဆုံးနေသူဖြစ်ပြီး ယခုရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ကစားသမားတစ်ဦးလည်းဖြစ်သည်။
အန်ဆယ်လော့တီက ”ဂါရတ်ဘေးလ်အနေနဲ့ အသင်းရဲ့ချန်ပီယံဆုပေးပွဲအခမ်းအနားမှာ ဘာလို့မပါဝင်နိုင်ခဲ့လဲဆိုရင် သူ့အနေနဲ့ ဒဏ်ရာကြောင့် လမ်းကောင်းကောင်းမလျှောက်နိုင်လို့ပါပဲ။ အများပြောနေကြသလို ပြဿနာတစ်စုံတစ်ရာကြောင့် မဟုတ်ပါဘူး”ဟု ပြန်လည်တုံ့ပြန်ဖြေကြားခဲ့သည်။