ရီယိုဖာဒီနန်က မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ လာမည့် နွေရာသီ အပြောင်းအရွေ့မှာ ခါးသီးပြိုင်ဘက် လီဗာပူးရဲ့ အပြောင်းအရွေ့ လုပ်ဆောင်ပုံ တစ်ခုကို အတုယူကာ လိုက်လုပ်သင့်တယ်လို့ ယုံကြည်နေပါတယ်။ အိုလီဂန်နာဆိုးရှားရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ကြားရက်က ယူရိုပါလိဂ်ဖိုင်နယ်မှာ ဗီလာရီးရဲယ်ကို ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး စိတ်ပျက်စရာ ရာသီတစ်ခု အဖြစ် အဆုံးသတ် သွားခဲ့ပါတယ်။
ဆာအဲလက်စ်ဖာဂူဆန်ရဲ့ လက်အောက်မှာ အဓိက ဆုဖလား ၃၈ လုံးထိ ရခဲ့တဲ့ ယူနိုက်တက်ဟာ လွန်ခဲ့တဲ့ ၄ နှစ်က ဂျိုဆေးမော်ရင်ညို ယူရိုပါလိဂ် ဖလား ရယူပေးခဲ့ပြီးနောက်ပိုင်း ဖလားလက်မဲ့ ဖြစ်နေခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမည့် အပြောင်းအရွေ့မှာ ညာတောင်ပံ တိုက်စစ် ကစားသမား တစ်ဦးကို ဦးစားပေး ခေါ်ယူသွားဖို့ ရှိနေတဲ့ အပြင် မက်ဂွိုင်းယားနဲ့ တွဲဖက် ကစားသွားမယ့် ဗဟိုနောက်ခံလူ တစ်ဦးကိုလည်း ရှာဖွေ နေပါတယ်။
ဖာဒီနန်ကတော့ သူ့အသင်းဟောင်း အနေနဲ့ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က ဗန်ဒိုက်ကို ခေါ်ယူကာ next level ရောက်သွားခဲ့တဲ့ လီဗာပူးကို အတုယူသင့်တယ်လို့ ယုံကြည်နေပါတယ်။ နယ်သာလန် ဗဟိုနောက်ခံလူ ရောက်လာခဲ့ပြီးနောက် လီဗာပူးဟာ ချန်ပီယံလိဂ်ဖလား ၊ ပရီးမီးယားလိဂ်ဖလား ၊ ကလပ်ကမ္ဘာ့ဖလား ၊ စူပါဖလား တို့ကို ဆွတ်ခူးထားနိုင် ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ဗန်ဒိုက်ဟာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ အဖြစ် လူတော်တော်များများရဲ့ အသိအမှတ်ပြုမှုကို ခံထားရပါတယ်။
ဖာဒီနန်က “လာမည့် အပြောင်းအရွေ့ ကာလဟာ မန်ယူနိုက်တက် အတွက် အရမ်း အရမ်းကို အရေးကြီးနေ ပါတယ်။ လူသစ်စုဆောင်းရေး အသင်း ၊ ပိုင်ရှင် ၊ စီအီးအို ၊ မန်နေဂျာ ၊ ဝန်ထမ်းတွေ အနေနဲ့ မှန်ကန်တဲ့ ကစားသမားသစ်တွေကို ခေါ်ယူကာ ဖိုင်နယ်ရောက်တဲ့ အသင်း အဖြစ် ကနေ ချန်ပီယံဖြစ်တဲ့ အသင်း ဖြစ်လာအောင် လုပ်သွားရမှာပါ။
မှန်ကန်တဲ့ ကစားသမား ၊ မှန်ကန်တဲ့ စရိုက်လက္ခဏာ နဲ့ ဒီအသင်းကို ကောင်းမွန်တဲ့ အရည်အသွေးတွေ ထပ်မံဖြည့်တင်းပေးနိုင်မယ့်သူ ဖြစ်ဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း လီဗာပူးရဲ့ အောင်မြင်မှုမှာ အဓိကကျခဲ့တဲ့ ဗန်ဒိုက်အကြောင်းကို အမြဲ ပြောရလေ့ ရှိပါတယ်။ လီဗာပူးကို မရောက်ခင် အင်္ဂလန်မှာ သူဘာတွေ အောင်မြင်ထားခဲ့လို့လဲ?
သူဟာ ဆောက်သမ်တန်မှာ ကစားခဲ့ပြီး ဒီအသင်းဟာ ဆုဖလားအတွက် ဒါမှမဟုတ် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ အသင်းမဟုတ်ခဲ့ပါဘူး။ အဓိကက အသင်းနဲ့ အံဝင်မယ့် စရိုက်လက္ခဏာ ၊ မှန်ကန်တဲ့ ကစားသမားကို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပြီး ဒီလူဟာ အသင်းကို နောက်တစ်ဆင့်ကို သယ်ဆောင်ပြီး ပိုကောင်းတဲ့ အသင်း ဖြစ်လာစေခဲ့ပါတယ်။” လို့ ပြောလိုက်ပါတယ်။