အာဆင်နယ်အသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်အား ခေါ်ယူရန်အတွက် ကစားသမား၏အေးဂျင့်ဖြစ်သူကို ချဉ်းကပ်နေကြောင်း Calciomercato က ဖော်ပြခဲ့သည်။
အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ဇန်နဝါရီတွင် အူဘာမီယန်းနှင့် လမ်းခွဲခဲ့ပြီးနောက် လက်ရှိအသင်းတွင် တိုက်စစ်မှူးစစ်စစ်အဖြစ် လာကာဇက်နှင့် အန်ကယ်တီယာတို့သာ ရှိတော့သည်။
သို့သော် အဆိုပါကစားသမား (၂) ဦးစလုံးမှာ ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အသင်းမှထွက်ခွာရန် စီစဉ်နေကြောင်း သိရသည်။
ထို့ကြောင့် အာဆင်နယ်အသင်းသည် အသင်းတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းရန် စီစဉ်နေပြီး ယခုအခါ လော်တာရိုမာတီနက်ဇ်အား ခေါ်ယူရန် စီစဉ်လာခြင်းဖြစ်သည်။
အင်တာမီလန်အသင်းသည် လာမည့်နွေရာသီတွင် ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဒီဘားလားကို ခေါ်ယူရန်အတွက် လော်တာရိုမာတီနက်ဇ်ကို ရောင်းချဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။
ထို့ကြောင့် အာဆင်နယ်အသင်းသည် လော်တာရိုမာတီနက်ဇ်ကိုခေါ်ယူရန် ကစားသမား၏အေးဂျင့်ထံ ချဉ်းကပ်နေခြင်းဖြစ်သည်။
အင်တာမီလန်အသင်းသည် လော်တာရိုမာတီနက်ဇ်အတွက် အနည်းဆုံး ပေါင် (၅၉)သန်း အလိုရှိနေကြောင်း အီတလီမီဒီယာများက ဖော်ပြနေကြသည်။