ဂျူဗင်တပ်စ်အသင်းသည် လက်ရှိရာသီကုန်ဆုံးချိန်တွင် အသားတင် အမြတ်ငွေ ယူရိုသန်း (၁၀၀)ရရှိရန် လိုအပ်နေသော်လည်း ကြယ်ပွင့်ကစားသမားများကို ရောင်းထုတ်သွားမည်မဟုတ်ကြောင်း ကြေညာခဲ့သည်။
၂၀၂၀-၂၁ ရာသီ၏ ဘဏ္ဍာရေးပထမ (၆)လစာရင်းရှင်းတမ်းတွင် ဂျူဗင်တပ်စ်အသင်းသည် အရှုံးငွေ ယူရို (၁၁၃ .၇)သန်း ရှိခဲ့သလို၊ ဝင်ငွေပမာဏမှာလည်း ယူရို (၃၂၂ .၂)သန်းမှ ယူရို (၂၅၈ .၃)သန်းအထိ လျော့ကျ ခဲ့ကြောင်း သိရသည်။ ဂျူဗင်တပ်စ်အသင်း၏ ဝင်ငွေလျော့ကျခဲ့ချိန်တွင် အထွေထွေအသုံးစရိတ်သည် ယူရို (၂၆၃ .၄)သန်း ရှိခဲ့သဖြင့် အရှုံးငွေ ပမာဏသည် ယူရို (၁၁၃ .၇)သန်းရှိခဲ့ခြင်းလည်းဖြစ်သည်။
ဂျူဗင်တပ်စ်အသင်းဥက္ကဋ္ဌ အက်ဂ်နယ်လီနှင့် ဒါရိုက်တာအဖွဲ့ဝင်များသည် အသင်း၏ ဘဏ္ဍာရေးပြန်လည်တည်ငြိမ်လာရန်နှင့် တိုးတက်လာရန်အတွက် ဆွေးနွေးမှုများပြုလုပ်နေသော်လည်း ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်းမှစတင်၍ အဓိက ကစားသမားအချို့ကို ရောင်းထုတ်၍ ဂျူဗင်တပ်စ်အသင်း ငွေရှာသွားဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။ လက်ရှိအချိန်တွင် ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒီဘားလားနှင့် တောင်ပံကစားသမား ကူလူဆက်ဗ်စကီးတို့ကို ခေါ်ယူရန် ပြိုင်ဘက်အသင်းများက စိတ်ဝင်စားနေကြောင်း သိရသည်။
ဂျူဗင်တပ်စ်အသင်းနှင့် ဒီဘားလားတို့ ကြားမှ ဆက်ဆံရေးအခြေအနေသည် ပိုမိုဆိုးရွားလာပြီး ဒီဘားလား၏ ဂျူဗင်တပ်စ်ကစားသမားဘဝအနာဂတ်မှာ မရေရာတော့ကြောင်း အီတလီမီဒီယာ များက ဖော်ပြခဲ့သည်။ ဂျူဗင်တပ်စ် အသင်းသည် ဒီဘားလားကို ပြီးခဲ့ သည့်နွေရာသီတွင် တစ်နှစ်လစာ ယူ ရို (၁၀)သန်းဖြင့် ကမ်းလှမ်းခဲ့သော်လည်း ကစားသမားဘက်မှ ငြင်းဆန် ပယ်ချခဲ့သည်။
အဆိုပါဖြစ်ရပ်နောက် ပိုင်းတွင် ဂျူဗင်တပ်စ်နှင့် ဒီဘားလားကြား ဆက်ဆံရေးသည် မပြေလည်မှုများမြင့်တက်လာပြီး ဒီဘားလားသည် လက်ရှိရာသီ၌ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးလာခဲ့သည်။ ထို့ပြင် ပြီးခဲ့ သည့်ရက်သတ္တပတ်အတွင်း ဂျူဗင်တပ်စ်အသင်းဖော် မက်ကန်နီး၏ နေ အိမ်ပါတီပွဲသို့ တက်ရောက်ခဲ့သည့် ဒီဘားလား၏ လုပ်ရပ်ကြောင့်လည်း တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဂျူဗင်တပ်စ်အသင်းသည် ဒီဘားလားကို PSG အသင်းတိုက်စစ်မှူး အီကာဒီနှင့် အလဲအထပ်ပြုလုပ်ရန် စီစဉ်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။ ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူများသည် အီကာဒီ၏ အေးဂျင့်နှင့် ဇနီးဖြစ်သူ ဝမ်ဒါနာရာနှင့် လာမည့်ရက်ပိုင်းအတွင်းဆုံတွေ့၍ အီကာဒီအတွက် ဆွေးနွေးသွားဖွယ်ရှိနေကြောင်းလည်းသိရသည်။