မီခေးလ်အာတီတာက လက်စတာကို ၄-၂ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပွဲအဖြေကို ပြောင်းလဲစေခဲ့သူ ဆာကာအပေါ် ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
ဆာကာဟာ လက်စတာနဲ့ပွဲစဉ်မှာ ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့ပြီး အခွင့်အရေးဖန်တီးမှုအများဆုံး၊ ကန်ချက်အများဆုံး၊ တစ်ဦးချင်းကျော်ဖြတ်မှုအများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။
အင်္ဂလန်သားဟာ ထရိုဆက်ရဲ့သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ကတော့ အန်ဒီဒီ ကိုယ့်ဂိုးကိုယ်သွင်းယူမှုအဖြစ်သာ သတ်မှတ်ခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် ထောင့်ကန်ဘောကန်ရာမှာ အတော်လေးကောင်းမွန်လာတဲ့ ဆာကာကို အာတီတာက ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အာတီတာက “အဲ့ဒါက အလုပ်ပိုလုပ်တာမဟုတ်ဘဲ ပွဲအဖြေကို ပြောင်းလဲစေခဲ့တာပါ။ သူ ဂိုးရှေ့မှာရှိနေရင် ဂိုးထဲကို ကန်ထည့်ပါတယ်။ အဲ့ဒါက ပွဲကိုပြောင်းလဲစေခဲ့တာပါ။
ဒီလိုအဆင့်မျိုးမှာ သူက အဲ့ဒီလို အမြဲလုပ်ပြနေဖို့လိုပြီး အခြားကစားသမားတွေကလည်း သူ့တာဝန်သူ ထမ်းဆောင်ရပါမယ်။ ဒီနေ့ည ကျွန်တော်တို့ ထောင့်ကန်ဘော ၁၇ ကြိမ် ရခဲ့တယ်လို့ထင်ပြီး အခြားထောင့်ကန်ဘောတွေကနေလည်း ဂိုးရအောင် သွင်းနိုင်ခဲ့သင့်ပါတယ်။ ပွဲကို အမြဲတမ်း ခြိမ်းခြောက်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားဖို့ လိုအပ်ပါတယ်။”လို့ ပြောခဲ့ပါတယ်။