လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က မိမိတို့အနေဖြင့် လက်ကျန်ပွဲများတွင် နိုင်ပွဲမရပါက ဥရောပပြိုင်ပွဲဝင်ခွင့် လွဲချော်သွားနိုင်ကြောင်းနှင့် အိုးလ်ထရက်ဖို့ဒ်ကွင်း၌ မန်ယူအသင်းကို အနိုင်ရရန်မှာလည်း ၁၀၀ ရာခိုင်နှုန်းထက်ပင် ပို၍လိုအပ်ကြောင်း သုံးသပ်ပြောကြားသည်။
လီဗာပူးလ်အသင်းသည် နောက်ဆုံးကစားထားသည့် နှစ်ပွဲဆက်သရေရလဒ်ကြောင့် ပွဲစဉ် ၃၃ အပြီးတွင် ၅၄ မှတ်ဖြင့် အဆင့် ၆ နေရာ ရောက်ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ နေရာမှ ချယ်လ်ဆီးအသင်း (စနေနေ့ပွဲမကစားမီ) နှင့် လေးမှတ်၊ အဆင့် ၅ နေရာမှ ဝက်စ်ဟမ်းအသင်းနှင့် တစ်မှတ် ကွာဟနေသည်။
လီဗာပူးလ်အသင်းသည် ယခုတစ်ပတ် ပွဲစဉ် ၃၄ အဖြစ် အမှတ်ပေးဇယား ဒုတိယနေရာမှ မန်ယူအသင်းနှင့် အဝေးကွင်း ပွဲကျပ်ကစားရမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်း အိုးလ်ထရက်ဖို့ဒ်ကွင်း၌ အနိုင်မရဖူးသည့် မှတ်တမ်းဆိုးကိုလည်း ရပ် တန့်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။
သို့ဖြစ်ရာ ယာဂန်ကလော့ပ်က ”နိုင်ပွဲတွေမရရင် ကျွန်တော်တို့အတွက် ဥရောပဘောလုံးပွဲတွေကစားဖို့ အခွင့်အရေးလည်းရှိမှာ မဟုတ်ပါဘူး။ အိုးလ်ထရက်ဖို့ဒ်မှာ ယူနိုက်တက်ကို အနိုင်ရဖို့ဆိုတာက ၁၀၀ ရာခိုင်နှုန်းထက်တောင်ပိုပြီး အရေးကြီးပါတယ်။ တခြားပြိုင်ဘက်တွေအားလုံး အနိုင်ရခဲ့ရင် ကျွန်တော်တို့ရပ်တည်မှုက ပြောင်းလဲသွားဖို့ မရှိပါဘူး။ ဒါပေမဲ့ နိုင်ပွဲတွေမရဘူးဆိုရင် ဘယ်ဥရောပပြိုင်ပွဲမှ ကစားခွင့်ရမှာမဟုတ် လို့ ကျွန်တော်တို့လုပ်ရမယ့်ကိစ္စအားလုံးက ရှင်းလင်းပြီးသားပါ”ဟု ပြောကြားသည်။
လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့်နှစ် မေ ၃၁ ရက်အထိ စာရင်းများအရ အခွန်မဆောင်မီ ပေါင် ၄၆ သန်း အရှုံးပေါ်ထားပြီး ယခုရာသီကုန်တွင် ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ပါက ဘဏ္ဍာရေးထိခိုက်မှု ပိုဆိုးလာနိုင်သော်လည်း အနာဂတ်အတွက် ပြင်ဆင်မှု များအပေါ် သက်ရောက်မှု ကြီးကြီးမားမားမရှိနိုင်ကြောင်း ယာဂန်ကလော့ပ်က ဆက်လက်ပြောကြားသည်။
”အဲဒီလိုဖြစ်မယ်လို့ ကျွန်တော် တကယ် မထင်ပါဘူး။ ချန်ပီယံလိဂ်ကစားခွင့်ရရေးက တကယ်အရေးကြီးပါတယ်။ အထူးသဖြင့် အသင်းရဲ့ဘဏ္ဍာရေးရှုထောင့်အတွက် အရေးကြီးပါတယ်။ တကယ်လို့ဝင်ခွင့်ရအောင် ကျွန်တော်တို့ မစွမ်းဆောင်နိုင်ဘူးဆိုရင်တော့ အဆင်မပြေဘူးဆိုတာ သေချာပါတယ်။ ဒါပေမဲ့ အစီအစဉ်တွေက ပြောင်းလဲသွားလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘောလုံးက အခက်အခဲကာလထဲ ရောက်နေလို့ပါ”ဟု ယာဂန်ကလော့ပ်က ဆို သည်။