အာဆင်နယ်နောက်ခံလူ ရီကာဒိုကာလာဖီအိုရီဟာ ယနေ့နံနက်က ရှက်တာဒိုးနက်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒူးခေါင်းဒဏ်ရာရရှိခဲ့တာကြောင့် လူစားလဲဖို့လိုအပ်ခဲ့ပြီး အသင်းရဲ့ ဒဏ်ရာရလူစာရင်းကို ပိုမိုကြီးထွားလာစေခဲ့ပါတယ်။
ယခုပွဲစဉ်မှာ အာဆင်နယ်ဟာ ကျဉ်းမြောင်းတဲ့ရလဒ်အဖြစ် ၁-၀ နဲ့အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ် ၂ ပွဲဆက်နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ သို့သော်လည်း ယခုပွဲစဉ်မှာ နောက်ခံကြယ်ပွင့် ကာလာဖီအိုရီဒဏ်ရာရရှိခဲ့တာကြောင့် ပွဲကစားချိန် ၇၂ မိနစ်မှာ လူငယ်ကစားသမားလေး လူးဝစ်စကယ်လီနဲ့ လူစားလဲခဲ့ရတာဖြစ်ပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာ အာဆင်နယ်ဟာ ခက်ခဲတဲ့ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဒဏ်ရာရရှိခဲ့တဲ့ ကာလာဖီအိုရီအနေနဲ့ အဆိုပါပွဲစဉ်ကို လွဲချော်နိုင်ချေရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဗဟိုခံစစ်မှူး ဝီလီယမ်ဆာလီဘာကလည်း ဘုန်းမောက်နဲ့ပွဲမှာ အနီကတ်ပြသခံခဲ့ရပြီး ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် လီဗာပူးနဲ့ပွဲစဉ်ကို လွဲချော်သွားမှာဖြစ်ပါတယ်။
နောက်ထပ်အဓိက ကစားသမားတွေဖြစ်တဲ့ ဘူကာယိုဆာကာ၊ ဂျူရီယန်တင်းဘားနဲ့ အသင်းခေါင်းဆောင် မာတင်အိုဒီဂတ်တို့ကလည်း ဒဏ်ရာပြဿနာကြောင့် အခုချိန်အထိ အသင်းအတွက် ပါဝင်ကစားနိုင်ခြင်းမရှိသေးပါဘူး။ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာတော့ နည်းပြ မီခေးလ်အာတီတာက “ကာလာဖီအိုရီကို လူစားလဲလိုက်ရတာ စိုးရိမ်ရတဲ့ အခြေအနေကြောင့်ပါ။ ဘာဖြစ်မလဲ စောင့်ကြည့်ရပါဦးမယ်” လို့ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ အီတလီလက်ရွေးစင်နောက်ခံလူအနေနဲ့ လာမယ့် တနင်္ဂနွေနေ့ လီဗာပူးနဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်မလား စောင့်ကြည့်သွားရဦးမှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာရပ်တည်နေပြီး လီဗာပူးနဲ့ ၄ မှတ်အထိကွာဟနေတာကြောင့် အဆိုပါပွဲစဉ်မှာ အပြုသဘောဆောင်တဲ့ရလဒ်မျိုးဖန်တီးနိုင်ဖို့ လိုအပ်နေပါတယ်။