ရီးယဲလ်မက်ဒရစ်အသင်း နောက်ခံလူ မာဆယ်လိုသည် ရွေးကောက်ပွဲမဲရုံ စောင့်ကြည့်ရမည့်တာဝန်ကြောင့် ချယ်လ်ဆီးနှင့် ပြန်လည်ကစားရမည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ဒုတိယအကျော့)ပွဲကို လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။
မက်ဒရစ်မြို့ရွေးကောက်ပွဲကို မေ (၄) ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး မာဆယ်လိုအနေဖြင့် မဲရုံစောင့်ကြည့်ရမည့်စာရင်းတွင် ပါဝင်နေသဖြင့် အခက်အခဲရင်ဆိုင်နေရခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းနှင့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲကို မေ (၅)ရက်တွင် လန်ဒန်မြို့၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်ရာ ရီးယဲလ်အသင်းအနေဖြင့် တစ်ရက်ကြို၍ မေ (၄)ရက်တွင် သွားရောက်မည်ဖြစ်သည်။
ထို့ကြောင့် ရွေးကောက်ပွဲကော်မရှင်ထံ အယူခံဝင်ထားသော်လည်း ပယ်ချခံရကြောင်း စပိန်နိုင်ငံထုတ် El Mundo သတင်းစာက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြသည်။
ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်မရပါက မာဆယ်လိုအနေဖြင့် အသင်းနှင့်အတူ လိုက်ပါခွင့်ရမည်မဟုတ်ဘဲ ပွဲကစားမည့်နေ့မှသာ သီးခြားသွားရောက်ရမည်ဖြစ်သည်။
စပိန်နိုင်ငံ၏ဥပဒေအရ မဲရုံစောင့်ကြည့်ရမည့်သူကို ကျပန်းစနစ်ဖြင့် ရွေးချယ်ခြင်းဖြစ်ပြီး မာဆယ်လိုမှာ ၂၀၁၁ ခုနှစ် ကတည်းက စပိန်နိုင်ငံသားခံယူခွင့်ရရှိထားသောကြောင့် တာဝန်ပေးခံရခြင်းဖြစ်သည်။