အာဆင်နယ် အသင်း ရဲ့အမာခံ ပရိသတ် တစ်ဦး ဖြစ်တဲ့ ဒါရင်းဘန့် က ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာကစားခဲ့တဲ့ ပွဲမှာ အူဘာမီယန်း ဟာ ရော်နယ်ဒို လို အောင်ပွဲ ဆာလောင်စိတ် နဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒ ရှိမနေကြောင်း ဝေဖန် ပြောကြား သွားခဲ့ပါတယ် ။
အာဆင်နယ် နဲ့ ပွဲမှာ မန်ယူနိုက်တက် ရဲ့ အဓိက ကစားသမား ရော်နယ်ဒို ဟာ သွင်းဂိုး ၂ ဂိုး အထိ သွင်းယူပြီး အိမ်ကွင်း အိုးထရက်ဖိုဒ့်မှာ နိုင်ပွဲ ရရှိအောင် စွမ်းဆောင် ပေးခဲ့ပါတယ် ။ အာဆင်နယ် နဲ့ ပွဲက ရော်နယ်ဒို ရဲ့သွင်းဂိုး ၂ ဂိုးဟာ ကစားသမား ဘဝ သွင်းဂိုး ၈၀၀ နဲ့ ၈၀၁ ဂိုးမြောက် ဖြစ်ပါတယ် ။
တစ်ဖက် အာဆင်နယ် အသင်း ရဲ့ အဓိက တိုက်စစ်မှူး အူဘာမီယန်း ကတော့ အပိုင် အခွင့်အရေး တစ်ကြိမ် ဂိုးဝင်အောင် မကန်နိုင်ခဲ့ဘဲ ပွဲချိန် ၇၉ မိနစ်မှာတင် လူစားလဲ ခံခဲ့ရပါတယ် ။
အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အူဘာမီယန်း ဟာ ဒီရာသီမှာ ပင်နယ်တီ နှစ်ကြိမ် အပါအဝင် ကောင်းမွန်တဲ့ အခွင့်အရေး ၆ ကြိမ်ကို လွဲချော် ခဲ့ပြီး ၁၃ ပွဲ ကစားရာမှာ သွင်းဂိုး ၄ ဂိုးသာ သွင်းယူ ထားနိုင်ပါတယ် ။
အူဘာမီယန်း ဟာ အာဆင်နယ် အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုပြီးကတည်းက စွမ်းဆောင်ရည်ပိုင်း ကျဆင်းလာတာ ဖြစ်ပြီး ၊ မနှစ်ကလည်း ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၀ ဂိုးသာ သွင်းယူ နိုင်ခဲ့ပါတယ် ။
အက်စတွန်ဗီလာ နဲ့ တော့တင်ဟမ် တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်က Drive မှာ အူဘာမီယန်း ရဲ့ခံယူချက်ကို ဝေဖန် သွားခဲ့ပါတယ် ။ ” အူဘာမီယန်း နဲ့ ရော်နယ်ဒို ကို ယှဉ်ကြည့်လိုက်ပါ ၊ သူတို့ နှစ်ဦးကြားက အကြီးမားဆုံး ကွာခြားချက်က အောင်ပွဲ ဆာလောင်စိတ် နဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒ ရှိမှုပါပဲ ။ ”
” ရော်နယ်ဒို က ခုချိန်ထိ သွင်းဂိုးတွေ ရယူလိုစိတ် အပြည့် ရှိနေတုန်းပါပဲ ၊ ဒါတောင် သူက အသက် ၃၇ နှစ် ရှိနေပြီနော် ၊ အူဘာ အသက်က ဘယ်လောက်လဲ ၊ ခုမှ ၃၃ နှစ်ပဲ ရှိပါသေးတယ် ။ အူဘာမီယန်း က အခမ်းနားဆုံး ကစားသမား ဖြစ်မနေတာက အောင်ပွဲ ဆာလောင်စိတ် နဲ့ အရည်အသွေးပိုင်းဆိုင်ရာကြောင့်ပါ ။ ”
” အူဘာ အနေနဲ့ ဂိုးသွင်းလိုစိတ် ဒီထက် ပိုရှိသင့်တယ်လို့ ထင်ပါတယ် ။ အခုဆို အူဘာ က တစ်ခါတစ်လေ ဂိုးဧရိယာထဲမှာ ရှိမနေတာ ၊ ပြိုင်ဘက် ခံစစ်ကစားသမားကို ကျော်မဖြတ်ပြနိုင်တဲ့ အနေအထားတွေပါ ရှိလာနေပါတယ် ။ သူ့ရဲ့ အကြီးမားဆုံး အားသာချက်က အမြန်နှုန်းပါ ။ ”
” အာဆင်နယ် အသင်း အကျပ်အတည်း ဖြစ်နေချိန်မှာတောင် အူဘာ က သူ့ရဲ့အမြန်နှုန်းကို ကောင်းကောင်း ထုတ်မသုံးနိုင်တာတွေ ရှိနေပါတယ် ။ ဘောလုံး ဂိုးဧရိယာထဲ ရောက်လာရင်လည်း သူက ရှိမနေပြန်ပါဘူး ၊ စာချုပ်သစ် မချုပ်ခင်က အနေအထားနဲ့ လုံးဝ မဆိုင်တော့ပါဘူး ။ ”
” အက်ဖ်အေ ဖလား ဗိုလ်လုပွဲ နဲ့ အဲ့ဒီ ရာသီ အစမှာ အူဘာ က အသင်းကို ထမ်းပိုး ပေးခဲ့တာ မှန်ပါတယ် ၊ အဲ့ဒီ တုန်းက အူဘာ နဲ့ ခုလက်ရှိ မြင်နေရတဲ့ အူဘာ က လုံးဝ မတူတော့ပါဘူးဗျာ ။ ” လို့ ဝေဖန် သွားခဲ့ပါတယ် ။