မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 2021 – 2022 ဘောလုံး ရာသီမှာ အစကောင်းခဲ့ပေမဲ့ နောက်ပိုင်း ပွဲစဥ်တွေမှာတော့ ရလဒ်တွေ တည်ငြိမ်မှု အားနည်းခဲ့ပြီး ကာရာဘောင် ဖလား ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလဲ အဆင့် 4 နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ် ။
ဒါဟာ နွေအပြောင်းအရွှေ့ စျေးကွက်ထဲမှာ ဆန်ချို ၊ ဗာရန်း ၊ ရော်နယ်ဒို တို့လို စပါယ်ရှယ် ကစားသမားကောင်းတွေကို ခေါ်ပြီးနောက် ရာသီအစ ပွဲချောင်နေခဲ့တဲ့ ယူနိုက်တက် ပရိသတ် အတွက်တော့ စိတ်ပျက်စရာ ရလဒ် တစ်ခုပဲ ဖြစ်သွားခဲ့ရ ပါတယ် ။
အခုတော့ ယူနိုက်တက်တို့ဟာ လာမဲ့ရက်သတ္တပါတ်တွေမှာ လက်စတာ စီးတီး ၊ လီဗာပူး ၊ တော့တင်ဟမ် ဟော့ စပါး ၊ မန်စီးတီး ၊ အတ္တလန္တာ ( ချန်ပီယံလိဂ် နှစ်ကျော့ ) တို့နဲ့ ဆက်တိုက် ကစားသွားရဖို့ ရှိနေပါတယ် ။ ဒါဟာ ယူနိုက်တက် အတွက်တော့ တကယ့် ပွဲကြပ် ကာလ ပါပဲ ။
အခုတော့ အာဆင်နယ် အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ နီဂယ် ဝင်းတားဘန်း က မန်ချက်စတာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကျဆင်းနေတဲ့ ကစားဟန်ကို ကောင်းစေဖို့ ရော်နယ်ဒို တစ်ယောက်ပဲ ရှိနေတာ မဟုတ်ကြောင်း ၊ အသင်းမှာ ဘရူနို ၊ ဂရင်းဝုဒ် တို့လို့မျိုး ကစားသမားကောင်းတွေလည်း ရှိနေသေးကြောင်း ပြောခဲ့လိုက် ပါတယ် ။
ဒါ့အပြင် ယူနိုက်တက် အသင်းမှာ ဘောလုံးပျက်သွားတဲ့ အချိန် ပြိုင်ဖက်အသင်းက အသာလေး ထိုးနှက်သွားလေ့ ရှိတဲ့အတွက် ဆိုးလ်ရှား အနေနဲ့ ဒီနေရာကို ပိုပြီး အင်အား တောင့်တင်းစေဖို့ လုပ်ဆောင်သင့်နေပြီဖြစ်ကြောင်း ဝင်းတားဘန်း က ထောက်ပြ အကြံပေး သွားခဲ့လိုက်ပါတယ် ။
” အသင်းရဲ့ ကျဆင်းနေတဲ့ ကစားဟန်ကို ပြန်ကောင်းစေဖို့ အတွက် ဆိုးလ်ရှား ဆီမှာ ရော်နယ်ဒို တစ်ယောက်ထက် ပိုတဲ့ ကစားသမား အင်အားရှိနေပါတယ် ။ သူတို့ အသင်းမှာ ဘရူနို ၊ ဂရင်းဝုဒ် တို့လို ဘောလုံး စွမ်းရည်ကောင်းတဲ့ ကစားသမားတွေ ရှိပါသေးတယ် ။ ယူနိုက်တက် အသင်းဟာ ကစားသမား တစ်ဦးအပေါ်ပဲ မှီခိုနေတဲ့ အသင်းမျိုး မဟုတ်တော့ပါဘူး ”
” ဒါပေမဲ့ ဘောလုံး ဆုံးရှုံးသွားတဲ့ အချိန်မှာ သူတို့ ကစားပုံက လျော့တိလျော့ရဲ ဖြစ်နေဆဲပါပဲ။ ဒါကို ပြိုင်ဖက်တွေက အခွင့်ကောင်း ယူသွားတတ်ကြပါတယ် ။ ဒါ မန်နေဂျာတိုင်း ပြင်ဆင်ထားသင့်တဲ့ အချက် တစ်ခုပါ ။ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက်တော့ ညစ်ကျယ်ကျယ် ကစားရမယ့် နေရာမှာ ကစားပုံ တိုးတက်ဖို့ လိုနေပါသေးတယ် ”
” အိုလီဟာ ဒီကစားသမား အစုအဖွဲ့နဲ့ အတူ အသင်းကို ရှေ့ဆက်အောင် လုပ်ဆောင်နိုင်မလားဆိုတာကတော့ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းနေပါပြီ ။ အကယ်လို့ ပွဲစဥ် တစ်ပွဲသာ မနိုင်ဘူးဆိုရင် ဒီလူဟာ အသင်းကို ကိုင်ဖို့ လုံလောက်တဲ့ အတွေ့အကြုံရော ရှိရဲ့လား ၊ နည်းပြ ပြောင််းသင့်ပြီ ဆိုတဲ့ အသံတွေ ကြားရလိမ့်မယ်ဆိုတာ အိုလီလည်း ကောင်းကောင်း သိနေမှာပါ ”
” ကျွန်တော်တို့ကတော့ ဒါတွေကို သိဖို့ မလိုအပ်ပါဘူး ။ ဆာ အဲလက်စ် ဖာဂူဆန် တုန်းက အချိန်တန်ရင် ဆုဖလားတွေ ရယူပေးမှာပဲ ဆိုတဲ့ အသိစိတ် ပရိသတ်တွေ ပိုင်ဆိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ ဆိုးလ်ရှား အတွက် အခုအချိန်မှာ အမှတ်ပေးဖလား ဆွတ်ခူးလိုက်ရင်တောင် အကောင်းဆုံး အဆုံးသတ် တစ်ခု ဖြစ်စေဦးမှာ မဟုတ်သေးပါဘူး ” လို့ ဝင်းတားဘန်း က ပြောခဲ့လိုက် ပါတယ် ။