ချဲလ်ဆီး အသင်းဟာ ဒီရာသီမှာလည်း ကစားသမားသစ် များစွာ ထပ်ဖြည့်တင်းထားပေမယ့် ၊ ဒဏ်ရာပြဿနာတွေက တပွဲထက် တပွဲ လျော့မသွားတဲ့ အပြင် ပိုတိုးလာနေတဲ့ အတွက် လက်ရှိ နည်းပြ မော်ရစ်စီယို ပိုချက်တီနို အနေနဲ့ အကောင်းဆုံး ပွဲထွက်စာရင်းကို ပုံမှန် ရရှိနိုင်ဖို့ ရုန်းကန်နေရပါတယ် ။
ဒဏ်ရာရနေတဲ့ ကစားသမား အရေအတွက်က အသင်း တသင်းစာ ရှိနေပြီး ၊ ထိုအထဲမှာ အင်္ဂလန် ယူ၂၁ တောင်ပံကစားသမား နွန်နီ မက်ဒူးကီလည်း တဦး အပါအဝင် ဖြစ်နေပါတယ် ။ ၄င်းဟာ ဒီရာသီ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ထားရတဲ့အပြင် ၊ တောင်ပံကစားသမားတွေရဲ့ ပွဲထွက်ခွင့်အစဉ်မှာ နောက်ဆုံးနေရာကို ရောက်ရှိနေပါတယ် ။
ဒီအတွက်ကြောင့် ဒဏ်ရာ မရှိတဲ့ အချိန်တွေမှာတောင် မက်ဒူးကီဟာ ပွဲကစားခွင့် မိနစ်တွေထက် အရန်ခုံ ထိုင်ရတဲ့ မိနစ်တွေက ပိုများခဲ့ပါတယ် ။ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပိုချက်တီနိုက ယင်းလူငယ်ကြယ်ပွင့်ကို ခြေစွမ်း ပိုကောင်းအောင် ကြိုးစားဖို့ သတိပေးခဲ့ပါတယ် ။
ပိုချက်တီနို က ” ဒီရာသီ အစပိုင်းလောက် သူ ကစားခွင့် ရလိုက် ၊ မရလိုက် ဖြစ်ခဲ့ပါတယ် ။ အဲဒီနောက် သူ ဒဏ်ရာရခဲ့ပြီး ၊ ပြဿနာ တချို့ ကြုံခဲ့ပါတယ် ။ ဒါဟာ ကစားသမားတွေဆီက ၊ ဒီပြိုင်ပွဲကနေ ကျွန်တော်တို့ အမြဲတမ်း မျှော်မှန်းထားတဲ့ အရာတွေပါပဲ ။ ”
” နွန်နီမှာ ကစားပုံတူတဲ့ အသင်းသား အများအပြား ရှိနေတာကြောင့် ပွဲထွက်ခွင့် အတွက် အကြိတ်အနယ် ပြိုင်ဆိုင်နေရပါတယ် ။ သူ့အနေနဲ့ ခုထက် ပိုကောင်းအောင် ကြိုးစားဖို့ ၊ ခြေစွမ်းအဆင့်အတန်း မြှင့်တင်ဖို့ လိုမယ်လို့ ကျွန်တော် ထင်ပါတယ် ။ ”
” ခုတော့ သူ ဒဏ်ရာရနေပြီး ၊ နာလန်ပြန်ထူနိုင်ဖို့ ကြိုးစားနေပါတယ် ။ နောက်ပွဲတွေမှာ သူ ပြန်ပါကောင်း ပါပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာ ချဲလ်ဆီးဟာ မကြာခင်မှာ ဖွင့်လှစ်တော့မယ့် ဇန်နဝါရီ စျေးကွက် အတွင်း အားထားရတဲ့ ကွင်းလယ်လူလည်းဖြစ် ၊ ဒုအသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ကော်နာ ဂေါ်လဂါကို ရောင်းထုတ်ဖို့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ် ။
ကစားသမားဖက်ကတော့ ချဲလ်ဆီးကနေ ထွက်ခွာလိုတဲ့ပုံ မပေါ်ပေမယ့် ၊ ကလပ်ဖက်ကတော့ ၄င်းကို ထုတ်ရောင်းဖို့ လမ်းဖွင့်ပေးထားပြီး ၊ ကမ်းလှမ်းမှုတွေကို လက်ခံလျက်ရှိပါတယ် ။ ပိုချက်တီနိုကတော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အခုလိုပဲ ထပ်မံ ဖြေရှင်းလာပြန်ပါတယ် ။
ပိုချက်တီနို က ” ကစားသမားတွေရဲ့ အနာဂတ် အကြောင်းနဲ့ ပတ်သက်လာရင် ၊ ကလပ်နဲ့ ကာယကံရှင် ကစားသမား ကိုယ်တိုင်ကပဲ ဘာလုပ်သင့်လဲ ဆိုတာ ဆုံးဖြတ်ရပါတယ် ။ အရင် ကလပ်တွေမှာတော့ ကျွန်တော်ဟာ အသင်းတာဝန်ရှိသူတွေကို ကိုယ့်ဖက်ကနေ တတ်နိုင်သလောက် အကြံပေးခဲ့ပါတယ် ။ ”
” ကျွန်တော်ဟာ အားကစားဒါရိုက်တာတွေ ၊ အသင်းပိုင်ရှင်တွေနဲ့ အလုပ်လုပ်ရတာကို ကြိုက်နှစ်သက်ပါတယ် ။ အပြောင်းအရွှေ့ အကြောင်း ဆွေးနွေးသုံးသပ်တာတွေ အရင် လုပ်ဖြစ်ပါတယ် ။ ပြီးမှ ကလပ် အတွက် အကောင်းဆုံး ဆုံးဖြတ်ချက် ချရပါတယ် ။ ”
” အတိတ်က အတွေ့အကြုံအရ ဒါတွေဟာ ကလပ်နဲ့ ကစားသမားတွေရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်တဲ့ အကြောင်း ကျွန်တော် ထပ်ခါတလဲလဲ ပြောပါရစေ ။ ” လို့ ပြောကြားခဲ့ပါတယ် ။