ရီးယဲလ်မက်ဒရစ်အသင်းနှင့် လမ်းခွဲခဲ့သည့် နည်းပြ ဇီဒန်းက အသင်း၏ယုံကြည်မှုမရတော့သဖြင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံခဲ့သည်။
ဇီဒန်းက ပရိသတ်များအတွက် ရည်ရွယ်ရေးသားထားသည့် အိတ်ဖွင့်ပေးစာကို AS သတင်းစာမှတစ်ဆင့် တနင်္လာနေ့တွင် ပေးပို့ခဲ့ခြင်းဖြစ်သည်။
”ကျွန်တော်ထွက်သွားတယ်ဆိုတာက အသင်းဆီကနေ ကျွန်တော့်အတွက် လိုအပ်တဲ့ ယုံကြည်မှုမရှိတော့ဘူးလို့ ခံစားရလို့ပါ။ ပြီးတော့ ရေရှည် ဒါမှမဟုတ် အလယ်အလတ်လောက် ဆက်ပြီးတည်ဆောက်သွားဖို့ အားပေးထောက်ပံ့မှုတွေမရှိပါဘူး။ ကျွန်တော်က ချန်ပီယံတစ်ယောက်အဖြစ် မွေးဖွားလာတဲ့သူပါ။ ကျွန်တော် ဒီနေရာမှာရှိနေတာ ဆုဖလားတွေ ရယူနိုင်ဖို့ပါ။ ကျွန်တော် ထွက်သွားတယ်ဆိုတာက သင်္ဘောပေါ်ကနေ ခုန်ချသွားတာ မဟုတ်ပါဘူး။ ကျွန်တော်က နည်းပြဘဝကို ငြီးငွေ့နေတဲ့သူမဟုတ်ပါဘူး”ဟု ဇီဒန်းက ပြောကြားသည်။
ထို့ပြင် ထာဝရအကောင်းဆုံးအသင်း၏ကစားသမား၊ နည်းပြဆိုသည့် အစိတ်အပိုင်းများတွင် ပါဝင်ခွင့်ရသည့်အတွက် ဂုဏ်ယူကြောင်း၊ ရီးယဲလ်မက်ဒရစ်ပရိသတ်များကဲ့သို့ပင် မိမိကိုယ်တိုင်လည်း ရီးယဲလ်မက်ဒရစ်ပရိသတ်တစ်ဦးဖြစ်ကြောင်း၊ ကစားသမားအဖြစ် ရီးယဲလ်မက်ဒရစ်သို့ စတင်ရောက်ရှိခဲ့သည့် လွန်ခဲ့သည့် နှစ် ၂၀ မှစ၍ ယခုအချိန်အထိမှာ မိမိဘဝတွင် အလှပဆုံးအရာများထဲမှ တစ်ခု ဖြစ်ကြောင်း၊ ထိုစဉ်အချိန်က ကန့်ကွက်မှုများရှိသော်လည်း မိမိကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့သည့် ဖလော်ရင်တီနိုပီရက်ဇ်ကို ကျေးဇူးတင်ကြောင်း၊ ၂၀၁၈ ခုနှစ်က လမ်းခွဲခဲ့သည့်အခြေအနေနှင့် ယခုတစ်ကြိမ်မှာ ခြားနားမှုရှိကြောင်း ဇီဒန်းက ထည့်သွင်းရေးသားထားသည်။