ရီးယဲလ်မက်ဒရစ်အသင်း၏ ဘယ်လ်ဂျီယံလက်ရွေးစင်ဂိုးသမားကော်တိုအာက ကလပ်နှင့် နိုင်ငံအသင်းဖော် ဟာဇက်အနေဖြင့် ရီးယဲလ်မက်ဒရစ်အသင်းတွင် ဆက်ရှိရန် (၁၀၀)ရာခိုင်နှုန်းသေချာသည်ဟု ပြောကြားခဲ့သည်။
အသက် (၃၀)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းခေါင်းဆောင်ဟာဇက်သည် ချယ်လ်ဆီးအသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းသို့ ၂၀၁၉ နွေရာသီအပြောင်းအရွှေ့က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၀၀)ဖြင့်ရောက်ရှိလာသူဖြစ်ပြီး ရီးယဲလ်အသင်းတွင် (၂)ရာသီဆက်တိုက်ရုန်းကန်ခဲ့ရသူဖြစ်သည်။
ဟာဇက်သည် ရီးယဲလ်အသင်းတွင် ဒဏ်ရာပြဿနာများနှင့်အတူ ကြံ့ခိုင်မှုအားနည်းသည့်အခြေအနေများကိုကြုံတွေ့ခဲ့ရပြီး အသင်းအတွက် (၂)ရာသီအတွင်းပြိုင်ပွဲစုံ (၄၃)ပွဲကစားကာ (၅)ဂိုးသာသွင်းယူပေးနိုင်ခဲ့သည်။
ထို့ကြောင့် ဟာဇက်အနေဖြင့် လာမည့်နွေရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းမှထွက်ခွာရန် စီစဉ်နေပြီဟု သတင်းများထွက်ပေါ်နေသလို ရီးယဲလ်အသင်းအနေဖြင့် ဟာဇက်အားပြန်လည်ရောင်းချရန်ဆန္ဒရှိနေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။
သို့သော်အသင်းဖော်ကော်တိုအာက ဟာဇက်အနေဖြင့် ရီးယဲလ်အသင်းမှ ထွက်ခွာမည်မဟုတ်ဘဲ ဆုဖလားများရယူနိုင်ရန် တိုက်ပွဲဝင်သွားလိမ့်မည်ဖြစ်ကြောင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကော်တိုအာက ”ကျွန်တော့်အနေနဲ့ (၁၀၀%) သေချာပေါက်ပြောလိုတာကတော့ ဟာဇက်အနေနဲ့ ဒီနေရာ (ရီးယဲလ်မက်ဒရစ်)မှာ ဆက်ရှိနေမယ်ဆိုတာပါပဲ။ သူ့အနေနဲ့ ရီးယဲလ်ကနေထွက်ခွာဖို့ ဆန္ဒမရှိပါဘူး။ သူ့အနေနဲ့ ရီးယဲလ်အသင်းမှာ ဒဏ်ရာပြဿနာကင်းစင်စွာနဲ့ကစားခွင့်ရပြီး ဆုဖလားတွေရယူဖို့ အလိုရှိနေပါတယ်” Le Soir and Sudpresse နှင့် အင်တာဗျူးအစီအစဉ်တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်ရက်သတ္တပတ်က ဟာဇက်အနေဖြင့် ရီးယဲလ်မက်ဒရစ်အသင်းမှထွက်ခွာပြီး အသင်းဟောင်းချယ်လ်ဆီးသို့ပြန်ရန် ဆန္ဒရှိနေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့သလို ရီးယဲလ်အသင်းအနေဖြင့်လည်း ဟာဇက်အား ယူရိုသန်း (၅၀)ခန့်ရပါက ရောင်းချလိမ့်မည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။