မန်ယူအသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုက မန်ယူအသင်းအနေဖြင့် အရင်လိုအောင်မြင်မှုများ ပြန်လည်ရယူနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဆင့် (၆) သာရရှိခဲ့ပြီး လာမည့် ၂၀၂၂-၂၃ ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့သော်လည်း စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ပွဲ ၃၀ တွင် ၁၈ ဂိုး သွင်းယူပေးခဲ့သည်။
မန်ယူအသင်းအနေဖြင့် လာမည့် ရာသီတွင် ယူရိုပါလိဂ်ပြိုင်ပွဲသာ ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း စီရော်နယ်လ်ဒိုက မိမိအနေဖြင့် ရာသီသစ်အတွက် စိတ်လှုပ်ရှားနေကြောင်းနှင့် မန်ယူအသင်းအနေဖြင့် အရင်လိုအောင်မြင်မှုများ ရယူနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုက “မန်ယူအသင်းအနေနဲ့ အရင်လိုအောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အရင်က ကျွန်တော် ပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့အနေနဲ့ အရင်လိုအဆင့်အတန်းမျိုးကိုရောက်ဖို့ အချိန်တော့ယူရမှာပါ။ ကျွန်တော့် အနေနဲ့ အောင်မြင်မှုတွေရယူဖို့ စိတ်အားထက်သန်နေဆဲဖြစ်ပြီး အရင်လို ကြိုးစားနေတုန်းပါပဲ။ မန်ယူအသင်းနဲ့ အသင်းဖော်တွေက ကျွန်တော့်ကို ကူညီကြပြီး သူတို့ရဲ့ ကူညီ မှုတွေကို ကျွန်တော့်အနေနဲ့ အသိအမှတ်ပြုပါတယ်” ဟု ပြောကြားခဲ့သည်။