မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်အနေဖြင့် ရာသီကြို ခြေစမ်းပွဲများတွင် ခြေစွမ်းပြကစားနေသည့် ပြင်သစ်တိုက်စစ်ကစားသမား မာစီယဲလ်ကို ယခုနွေရာသီတွင် ထွက်ခွာခွင့်ပြုမည်မဟုတ်ကြောင်း ဗြိတိန်သတင်းဌာနများက သုံးသပ်ဖော်ပြလျက်ရှိသည်။
မာစီယဲလ်သည် မန်ယူအသင်း၏ ရာသီကြို ခြေစမ်းပွဲများတွင် ခြေစွမ်းပြကစားလျက် ရှိပြီး လီဗာပူးလ်၊ မဲလ်ဘုန်းဗစ်ထရီ၊ ပဲလေ့စ်အသင်းတို့နှင့် သုံးပွဲစလုံး တစ်ဂိုးစီသွင်းယူပေးထားသည်။
ပြီးခဲ့သည့်ရာသီက မန်ယူအသင်းအတွက် ပြိုင်ပွဲစုံတွင် ဂိုးအများဆုံးကစားသမားဖြစ်ခဲ့သူ ၀ါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုမှာ ယခုအချိန်အထိ အသင်းနှင့် လာရောက်ပူးပေါင်းခြင်းမရှိသေးရာ တန်ဟက်ဂ်အနေဖြင့် မာစီယဲလ်ကို နံပါတ် ၉ နေရာအတွက် ရည်ရွယ်ထားကြောင်း သိရသည်။
မာစီယဲလ် (၂၆ နှစ်) သည် ပြီးခဲ့သည့် ဒုတိယရာသီဝက်ကာလတွင် ဆီဗီလာအသင်း၌ အငှားသွားရောက်ကစားရသည့်အခြေအနေ ဖြစ်ခဲ့သော်လည်း လာမည့်ရာသီတွင်မူ မန်ယူအသင်း၏တိုက်စစ်ကို ဦးဆောင်ခွင့်ရဖွယ်ရှိနေသည်။
ထို့ပြင် မန်ယူအသင်းနည်းပြ တန်ဟက်ဂ်က အေဂျက်စ်အသင်း၌ လက်တွဲခဲ့ဖူးသည့် ကွင်းလယ်ကစားသမား ဗန်ဒယ်ဘိခ်အတွက် အထူးအခွင့်အရေးပေးမည်မဟုတ်ဘဲ အခြားကစားသမားများနည်းတူ အခွင့်အရေးရရှိမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။
မန်ယူအသင်းသည် စတုတ္ထမြောက်ခြေစမ်းပွဲအဖြစ် ယနေ့ (စနေနေ့) ညနေပိုင်းတွင် ဗီလာအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။