spot_img

‘ ရာထူးက အထုတ်ခံခဲ့ရတာဟာ ကျွန်တော့ရဲ့ ဂုဏ်မာန ကို ထိခိုက်စေခဲ့ပါတယ် ‘ – လမ်းပတ်

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းမှာ အသင်းကို တနှစ်ခွဲ ကိုင်တွယ်ခဲ့တဲ့ နည်းပြဟောင်း ဖရန့် လမ်းပတ်ကို ရာထူးမှ ဖယ်ရှားခဲ့ပါတယ် ။ အထူးသဖြင့် ချန်ပီယံလိဂ် ဝင်ခွင့် ဟာ ဒီရာသီ ချဲလ်ဆီး အသင်းရဲ့ အဓိက ပစ်မှတ် ဖြစ်ပြီး ၊ လမ်းပတ်ဟာ ဒီရည်မှန်းချက် ကို ပြည့်မြောက်အောင် ဖြည့်ဆည်းပေးနိုင်မယ်လို့ ကလပ် ဘုတ်အဖွဲ့က အယုံအကြည် မရှိတော့တဲ့ အတွက် ၄င်းကို ရာထူးမှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်ပါတယ် ။

ကလပ် ဂန္တဝင် ကစားသမား တဦး ဖြစ်ခဲ့လို့ ၊ နည်းပြ ဘဝမှာလည်း ချဲလ်ဆီးမှာ အောင်မြင်မှု တွေနဲ့ အစချီနိုင်ဖို့ အလိုရှိခဲ့တဲ့ လမ်းပတ် ကိုယ်တိုင်နဲ့ ချဲလ်ဆီး ပရိသတ်တွေရဲ့ စိတ်ကူးစိတ်သန်းဟာလည်း လွန်ခဲ့တဲ့ ၄လမှာ ရပ်တန့်ခဲ့ရပါတယ် ။

myan789

အခုအခါမှာတော့ လမ်းပတ်ရဲ့ ရာထူးကို ပီအက်စ်ဂျီနဲ့ ဒေါ့မွန် နည်းပြဟောင်း သောမတ်စ် တူချယ် က ဆက်ခံ ရယူထားပြီး ၊ ၄င်းလက်ထက်မှာ ချဲလ်ဆီး အသင်းဟာ ရလဒ်ပိုင်းရော ၊ ကွင်းတွင်း စွမ်းဆောင်ရည် အပိုင်းမှာပါ သိသိသာသာ တိုးတက် ကောင်းမွန်လာခဲ့တာကို တွေ့ရပါတယ် ။

တူချယ် ဟာ လမ်းပတ် စိတ်ကြိုက် ခေါ်ယူထားတဲ့ ၊ မြေမြှောက်ပေးထားတဲ့ ကစားသမား အစုအဖွဲ့ကို ဆက်လက် ကိုင်တွယ်ပြီး ၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၊ အက်အေ ဖလား ဗိုလ်လုပွဲ နဲ့ အဆင့် ၃ နေရာကို ထိုက်ထိုက်တန်တန် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ် ။ ဒီတော့ ကလပ် ဂန္တဝင် လမ်းပတ် ကို မလွှဲသာလို့ ထုတ်ပယ်ခဲ့တဲ့ ချဲလ်ဆီး ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ဟာ တနည်းအားဖြင့် မှန်ကန်ခဲ့တယ်လို့ ဆိုရပါမယ် ။

ရာထူးက အထုတ်ခံရပြီးနောက်ပိုင်းမှာ လမ်းပတ် ဟာ အခြား အသင်း တသင်းကို ကိုင်တွယ်ဖို့ အတွက် အထူးတလည် စဉ်းစားနေခြင်း မရှိပဲ ၊ မိသားစုဝင်တွေနဲ့ အချိန်ကုန်ဆုံးနေလို့ ၊ အင်တာဗျူးတွေလည်း ထူးထူးခြားခြား ဖြေခဲ့ခြင်း မရှိပါဘူး ။ မနေ့က The Telgraph သတင်းဌာန နဲ့ တွေ့ဆုံခဲ့ရာမှာတော့ လမ်းပတ် က သူ ချဲလ်ဆီး နည်းပြ ရာထူးမှ အထုတ်ခံခဲ့ရတဲ့ အပေါ် အခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ် ။

လမ်းပတ် က ” အလုပ် တခု ၊ ရာထူး တခုကနေ အထုတ်ခံရတယ် ဆိုတာ ကျွန်တော့ အတွက် ခံစားရခက်တယ်လို့ပဲ ပြောရပါမယ် ။ ဒါကို တမျိုးပြောင်းဖြေတဲ့သူတွေရှိရင် ၊ သူတို့ဟာ လိမ်ပြောနေကြသူတွေ ဖြစ်ပါလိမ့်မယ် ။ ဒီအလုပ်မှာ ခင်ဗျားရဲ့ ဂုဏ်သိက္ခာ ၊ မာန တစိတ်တပိုင်း ရှိပါတယ် ။ ”

” ခင်ဗျားဟာ တနေနေ့မှာ တစုံတခုသော အောင်မြင်မှု ပန်းတိုင် တရပ်ရပ်ဆီ ရောက်ဖို့ ကြိုးစားနေပေမယ့် ၊ နောက်ပိုင်းမှာ ခင်ဗျားရဲ့ ရည်မှန်းချက် ဟာ နုတ်ယူခြင်း ခံခဲ့ရပါတယ် ။ ဒါဟာ ဘဝပါပဲ ။ ဒီအပေါ်မှာ ခင်ဗျား အနေနဲ့ လက်တွေ့ကျကျ လက်ခံနိုင်ရပါမယ် ။ ”

” ဒီကြားကာလရဲ့ အရာရာတိုင်းမှာ အထိုင်ကျဖို့ ကြိုးစားရင်း ၊ ကျွန်တော် အသိချင်ဆုံး အရာတခုက ချဲလ်ဆီး ပရိသတ်တွေရဲ့ ကျွန်တော့အပေါ် ခံစားချက်ပါပဲ ။ ကျွန်တော် ဟာ စတမ်းဖို့ဒ်ဘရစ်ခ်ျနဲ့ တမိုင်လောက်ကွာတဲ့ နေရာမှာ နေတာပါ ။ ဒီတော့ ဒီနေရာကို ဖြတ်သွားဖြတ်လာ လုပ်နေကြတဲ့ ချဲလ်ဆီး ပရိသတ် အများအပြားကို နေ့တိုင်း တွေ့ရပါတယ် ။ ”

” အဲဒီမှာ ခင်ဗျား စဉ်းစားမိတာက ကိုယ် ဒီ ရာထူးကနေ အထုတ်ခံခဲ့ရလို့ ပရိသတ်တွေရဲ့ တုန့်ပြန်မှုက ဘယ်လိုဖြစ်မလဲ ဆိုတာပါ ။ သူတို့ ဒီအတွက် ပျော်နေကြလား ၊ ဝမ်းနည်းနေကြလား ? အဆုံးမှာတော့ ကျွန်တော့ကို ပိုပြီး နားလည် သဘောပေါက်စေတာက ပရိသတ်တွေနဲ့ ကျွန်တော့ အကြားက သံယောဇဉ် အကြောင်းပါ ။ ”

” ကစားသမား ဘဝမှာသာမက ၊ နည်းပြ ဘဝ ပထမ ဘောလုံးရာသီမှာရော ၊ ဒီနှစ် ဘောလုံးရာသီ တဝက်မှာပါ ပရိသတ်နဲ့ ကျွန်တော့ အကြားက သံယောဇဉ်က အရင်ကထက် ပိုပြီး ခိုင်မြဲလာတယ်လို့ ထင်ပါတယ် ။ ကျွန်တော် ဟာ ဒီ နည်းပြ အလုပ်မှာ ကိုယ်မြင်တဲ့ အတိုင်း အမှန်အတိုင်း ချပြချင်ခဲ့တာပါ ။ ဘာလို့လဲ ဆိုတော့ ဒီကလပ်ကို ကျွန်တော် မြတ်နိုးလို့ပါ ။ ”

” အချိန် အပိုင်းအခြား တခုခုကို ရောက်လာတဲ့အခါ ရာထူးကနေ အထုတ်ခံရနိုင်တယ် ဆိုတာကို နားမလည်ပဲနဲ့ ကျွန်တော် ဟာ ချဲလ်ဆီး နည်းပြ ရာထူး ကမ်းလှမ်းချက်ကို လက်ခံခဲ့တာ မဟုတ်ပါဘူး ။ ဒါဘီ အသင်းကို တနှစ် ကိုင်တွယ်ပြီးနောက် ၊ ချဲလ်ဆီး အသင်းဆီ ပြန်ချင်ဇောနဲ့ စိတ်လွတ်ကိုယ်လွတ် ဒီရာထူးကို လက်ခံခဲ့တာ မဟုတ်ပါဘူး ။ ”

” ဦးနှောက်နဲ့ သေသေချာချာ စဉ်းစားပြီးမှ ၊ ကိုယ့်အတွက် တကယ့် မဟာ အခွင့်အရေး တခု ဖြစ်တယ်ဆိုတာကို လက်ခံပြီးမှ ဒီရာထူးကို ကျွန်တော် လက်ခံခဲ့တာ ဖြစ်ပါတယ် ။ ဒီရာထူးမှာ ထာဝရ မြဲဖို့ဆိုတာ ဖြစ်နိုင်ရဲ့လား ? သမိုင်းကြောင်းတွေကတော့ ခင်ဗျားကို မဖြစ်နိုင်ဖို့ များတယ်လို့ပဲ ပြောနေပါတယ် ။ ”

” အခုအချိန်မှာတော့ မန်နေဂျာ ဘဝဟာ ဆက်လက် ဖြစ်တည်နေဦးမယ်ဆိုတဲ့ အမှန်တရား တခုကို ကျွန်တော် လက်ခံရပါမယ် ။ ချဲလ်ဆီး အသင်းကို နည်းပြ အနေနဲ့ ပြန်လာခွင့် ရခဲ့ခြင်းရဲ့ အလှတရား တခုကတော့ ဒါဟာ ကျွန်တော် ချစ်တဲ့ကလပ် ၊ ဒီ အသင်းအတွက် ကျွန်တော် အချိန်အကြာကြီး ကစားပေးခဲ့တယ် ၊ အခုအချိန် အထိလည်း သူတို့နဲ့ တောင့်တင်း ခိုင်မြဲတဲ့ သံယောဇဉ် တချို့ ရှိနေဆဲ ဖြစ်တယ် ဆိုတာပါပဲ ။ ဒီ ရှုထောင့်ကို ကျွန်တော် သဘောကျပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular