ပရီးမီးယားလိဂ်၏ ဂန္ထဝင်ဘောလုံးသမားဟောင်းနှင့် Sky Sports ၏ ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်သည့် ပေါလ်မာဆင်က မန်ယူအသင်းသည် ယာယီနည်းပြဖြစ်သူ ရန်းနစ်အား ရာထူးမှ ထုတ်ပယ်သင့်ပြီဖြစ်ကြောင်းနှင့် ရာသီကုန်တွင် နည်းစနစ်အကြံပေးအဖြစ် ဆက်လက်မခန့်အပ်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ပေါလ်မာဆင်က လက်ရှိ မန်ယူအသင်း၏ ပြဿနာများသည် ရန်းနစ်ကြောင့် ဖြစ်နေခြင်းဖြစ်သည်ဟု ယူဆနေပြီး ၎င်းအား အသင်း၏ အကြံပေးနေရာတွင် ဆက်ထားရန် မန်ယူအသင်း ဆုံးဖြတ်ပါက မိမိအနေဖြင့်အလွန်အံ့သြမိလိမ့်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ပေါလ်မာဆင်က ”လာမယ့်ရာသီမှာ ရန်းနစ် မန်ယူအသင်းမှာ ဆက်မရှိသင့်တာက (၁၀၀) ရာခိုင်နှုန်းအပြည့်ပါပဲ။ မန်ယူအသင်းဟာ တိုးတက်လာတယ်လို့ သူပြောတာတွေကို ကျွန်တော် သတင်းတွေမှာ ပြန်ဖတ်ရပါတယ်။ ကျွန်တော်ကတော့ လုံးဝ တိုးတက်လာတယ်လို့ မမြင်ပါဘူး။ မန်ယူအသင်းမှာ ပျော်စရာကောင်းတဲ့ ဘယ်အချက်ကိုမှ ကျွန်တော် မမြင်ပါဘူး။ မန်ယူအသင်းဟာ အခုလောက်အထိ အခြေအနေဆိုးတာမျိုး ကျွန်တော် တစ်ခါမှ မတွေ့ဖူးဘဲ ဒါက ကျွန်တော် စိုးရိမ်တဲ့အချက်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူက ရာသီကုန်မှာ အသင်းရဲ့နည်းစနစ်အကြံပေးဖြစ်လာမယ်ဆိုတဲ့ သတင်းတွေလည်း ကျွန်တော် ကြားပါတယ်။ သူဟာ မန်ယူအသင်းရဲ့ အကြံပေးပုဂ္ဂိုလ်လို နေရာမျိုးကို ရောက်လာမယ်ဆိုရင် ကျွန်တော် တော်တော်လေး အံ့သြမိမှာပါ။ ကျွန်တော့်အမြင်ကတော့ အသင်းမှာ သူဆက်မရှိသင့်သလို၊ အခုလည်း မရှိသင့်ပါဘူး။ မန်ယူအသင်းရဲ့လူအင်အားနဲ့ အဆင့်(၄)အတွင်း မဝင်ဘူးဆိုရင် ကျွန်တော် တော်တော်လေး အံ့သြမိမှာဖြစ်သလို၊ သူ့ကို နည်းစနစ်အကြံပေးရာထူးမှာ ဆက်ထားမယ်ဆိုလည်း ကျွန်တော် အရမ်းအံ့သြမိမှာပါ”ဟု ပြောကြားခဲ့သည်။