ယမန်နေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ အာဆင်နယ် ရော မန်စီးတီး ပါ နိုင်ပွဲ ကိုယ်စီ ရရှိ ခဲ့ကြပါတယ် ။ အာဆင်နယ် ဟာ အဝေးကွင်းမှာ လက်စတာ စီးတီး ကို မာတင်နယ်လီ ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင် ကစားပြီး အဆင့် ၁ နေရာကို ဆက်လက် ထိန်းသိမ်းထား နိုင်ခဲ့ ပါတယ် ။
မန်စီးတီး ကလည်း အဝေးကွင်းမှာ ဘုန်းမောက် အသင်းကို ၄-၁ နဲ့ ဂိုးပြတ် အနိုင် ကစားခဲ့ ပါတယ် ။ ဘုန်းမောက် ကစားသမားတယောက် O.G သွင်းခဲ့ပြီး ကျန်ဂိုးတွေ ကိုတော့ ဖိုဒန် ၊ ဟာလန်း နဲ့ အယ်လ်ဗာရက်ဇ် တို့က သွင်းယူ ပေးခဲ့ကြ ပါတယ် ။
လီဗာပူး ကတော့ ခရစ္စတယ် ပဲလေ့စ် နဲ့ ဂိုးမရှိ သရေ ကျခဲ့ပြီး ဝက်စ်ဟမ်း ၊ လိဒ် နဲ့ အက်စတွန် ဗီလာ တို့ နိုင်ပွဲတွေ ရရှိခဲ့ကြ ပါတယ် ။
အီတလီ စီးရီးအေ မှာတော့ အဆင့် ၁ ကနေ အမှတ်ဖြတ် ဦးဆောင် နေတဲ့ နာပိုလီ တို့ အခု တပတ် မှာလည်း အဝေးကွင်းမှာ အမ်ပိုလီ ကို အနိုင် ကစားပြီး အမှတ်ပေးဖလားဆီ ပိုမို နီးကပ်လာခဲ့ ပါတယ် ။ နာပိုလီ အတွက် ဗစ်တာ အိုဆင်ဟမ်း က တဂိုးသွင်းပေးခဲ့ပြီး အမ်ပိုလီ ကစားသမား က O.G သွင်းယူမိခဲ့ ပါတယ် ။
စပိန် လာလီဂါ မှာတော့ ရီးရဲမက်ဒရစ် ဟာ မြို့ခံပြိုင်ဘက် အက်သလက်တီကို မက်ဒရစ် နဲ့ ကစားတဲ့ ပွဲမှာ ၁ ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ဒီနေ့ ည ဘာစီလိုနာသာ အနိုင် ရရှိသွားခဲ့ ပါက ၁၀ မှတ်အထိ ကွာဟ သွားတော့မှာ ဖြစ်ပါတယ် ။
ဘွန်ဒစ်လီဂါ မှာတော့ ဒေါ့မွန် အသင်း နိုင်ပွဲ ရယူကာ ဘိုင်ယန် နဲ့ ယူနီယံ ဘာလင် တို့ မကစားမီ အဆင့် ၁ နေရာကို ရယူသွားခဲ့ ပါတယ် ။
ဘာစီလိုနာ တိုက်စစ်မှူးလေး အန်ဆု ဖာတီ ဟာ လေ့ကျင့်ရေး ကွင်းမှာ အနာတရ ရရှိ သွားခဲ့တာကြောင့် ဒီနေ့ ကစားမယ့် လာလီဂါ ပွဲကို ပါဝင် နိုင်မှာ မဟုတ်ဘူးလို့ ကြားသိရ ပါတယ် ။
ဆော်ဒီလိဂ် ကလပ် အယ်လ်နက်ဆာ မှာ သွားရောက် ကစားနေတဲ့ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို ဟာ မနေ့ ညက ပွဲမှာ ဟက်ထရစ် သွင်းပြီး အယ်လ်နက်ဆာ ကို နိုင်ပွဲ ရယူပေးခဲ့ ပါတယ် ။
ရိုနယ်ဒို ရဲ့ ဟက်ထရစ် ဟာ အယ်လ်နက်ဆာ ကို အမှတ်ပေးဇယား အဆင့် ၁ နေရာကနေ ဒုတိယနေရာက အသင်းထက် ၂ မှတ်အသာ ရရှိသွားစေခဲ့ ပါတယ် ။
အာဂျင်တီးနား တိုက်စစ်မှူးဟောင်း ဆာဂျီယို အဂွေရို က လီယွန်နယ် မက်ဆီ ဟာ PSG ကနေ ထွက်ခွာ ဖြစ်ပါက လူငယ် ဘဝက ကစားခဲ့တဲ့ အာဂျင်တီးနား ကလပ် နယူးဝဲလ် အိုဘွိုင်း ဆီ ပြန်သွား ကစားလိမ့်မယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ ပါတယ် ။
ဘာစီလိုနာ နဲ့ ပွဲမှာ ဒဏ်ရာ အနည်းငယ် ရရှိသွံားပုံရတဲ့ မန်ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖိုဒ့် ဟာ ဒီနေ့ ညမှာ နယူးကာဆယ် နဲ့ ယှဉ်ပြိုင် ကစားမယ့် ခါရာဘောင် ဖလား ဗိုလ်လုပွဲ အတွက် လန်ဒန် ကို ထွက်ခွာလာတဲ့ ယူနိုက်တက် လူစာရင်းမှာ ပါဝင်လာခဲ့ ပါတယ် ။
နည်းပြ အဲရစ်တန်ဟတ် ဟာ စီနီယာ အသင်းသား ၂၁ ယောက်ကို ဝင်ဘာလေဆီ ခေါ်ဆောင် လာခဲ့ပြီး မာစီရယ် ပါဝင်မလာခဲ့ ပါဘူး ။