ယူရို-၂၀၂၀ ပြိုင်ပွဲတွင် အင်္ဂလန်အသင်း ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီးနောက် ဗြိတိန်ပြည်သူများသည် အင်္ဂလန်အသင်း ဗိုလ်စွဲခဲ့ပါက တနင်္လာနေ့ကို အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုမှုများ ပြုလုပ်နေကြောင်း သိရသည်။
အင်္ဂလန်အသင်းသည် ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ပြီးနောက်ပိုင်း ယခု ယူရို-၂၀၂၀ ပြိုင်ပွဲမှသာ ဗိုလ်လုပွဲအဆင့်သို့ ပြန်လည်တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဗြိတိန်ပြည်သူများသည် ပျော်ရွှင်မှုများ အထွတ်အထိပ်ရောက်နေသည့်အပြင် ချန်ပီယံဆု ရယူနိုင်ခဲ့ပါက လွတ်လွတ်လပ်လပ်အောင်ပွဲခံနိုင်ရန်လည်း လိုလားနေကြသည်။
ထို့ကြောင့် တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားရမည့် ဗိုလ်လုပွဲအပြီး နောက်တစ်နေ့ကို အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုမှု ပြုလုပ်နေခြင်းဖြစ်သည်။
Daily Mail သတင်းစာ၏ ဖော်ပြမှုအရ ဗြိတိန်အစိုးရ၏ ပါလီမန်ဝက်ဘ်ဆိုက်သို့ လက်မှတ်ရေးထိုးတောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး ကြာသပတေးနေ့ညနေပိုင်းအထိ တောင်းဆိုသူ (၂၅၀၀၀၀)ကျော်ရှိပြီဖြစ်ကြောင်းသိရသည်။
တောင်းဆိုသူအများစုမှာ အင်္ဂလန်လက်ရွေးစင်အသင်း၏ ပရိသတ်များဖြစ်ပြီး ယင်းအစီအစဉ်ကို ဦးဆောင်သူ လီဂျုံးစ်က ”တနင်္ဂနွေည (၈)နာရီမှာ မိသားစုနဲ့အတူ ဒီအောင်ပွဲကို ဆင်နွှဲဖို့က ခက်ခဲပါတယ်။ ဒီအတွက် တစ်ရက်ထပ်တိုးပေးဖို့ တောင်းဆိုတာပါ။ ဒါ့အပြင် သမိုင်းဝင်အောင်ပွဲဖြစ်တာကြောင့် ကျွန်တော်တို့ အောင်ပွဲခံသင့်ပါတယ်။ ဒါကြောင့် ဒီတောင်းဆိုမှုကို အားလုံးပါဝင်ကူညီပေးကြပါ”ဟု တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါတောင်းဆိုမှုကို ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဖြစ်မလာသေးသည့်အခြေအနေတစ်ရပ်ဖြစ်သောကြောင့် ကြိုတင်ကတိပေးလိုက်လျောလိုခြင်းမရှိသော်လည်း ယတိပြတ်ငြင်းပယ်ခြင်းမပြုကြောင်း သိရသည်။
သို့သော် ဗြိတိန်နိုင်ငံမှ လုပ်ငန်းရှင်အချို့က တနင်္လာနေ့တွင် အလုပ်ချိန် (၃)နာရီအထိ နောက်ကျခွင့်ပြုရန် စီစဉ်နေပြီး စာသင်ကျောင်းအချို့ကလည်း ကျောင်းတက်ချိန်ကို နောက်ဆုတ်ပေးသွားမည်ဟု ကြေညာထားကြောင်း သိရသည်။