နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ ကျင်းပနေတဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲကြီး ကတော့ ဒုတိယမြောက် အုပ်စု ပွဲစဉ်တွေ ပြိးဆုံး သွားခဲ့ ပါပြီ ။ အုပ်စု ပွဲစဉ် ၂ ပွဲ အပြီးမှာတော့ အီတလီ ၊ ဘယ်လ်ဂျီယံ နဲ့ နယ်သာလန် တို့သာ ၁၆ သင်းအဆင့် လက်မှတ်တွေကို ရရှိ ထားသေးပြီး ကျန်အသင်းတွေ ကတော့ နောက်ဆုံးပိတ် ပွဲစဉ် အထိ ဆက်လက် ယှဉ်ပြိုင် ကြရဦးမှာပါ ။ အဲ့ဒိ ၃ သင်းကလည်း အုပ်စု ပထမ နေရာတွေ အတွက် နောက်ဆုံးပွဲမှာ အမှတ်ရဖို့ လိုအပ် နေပါသေးတယ် ။
အုပ်စု နောက်ဆုံး ပွဲစဉ်တွေ ကိုတော့ ဒီကနေ့ ညက စတင်ပြီး တစ်ချိန်တည်း ယှဉ်ပြိုင် ကစားသွားကြ တော့မှာပါ ။ ဘယ်အသင်းတွေ အုပ်စုက တက်ဖို့ ဘယ်လို ရလဒ်တွေ လိုအပ်နေသလဲ ဆိုတာကို စုစည်း ဖော်ပြပေးလိုက်ရ ပါတယ် ။ အုပ်စု တတိယ အသင်းတွေ ရွေးချယ်ပုံကတော့ များပြား ရှုပ်ထွေးသွား နိုင်တာကြောင့် သပ်သပ် ထပ်မံ ဖော်ပြပေးပါမယ် ။ အခုဖော်ပြမှာကတော့ အုပ်စု ပထမ နဲ့ ဒုတိယ နေရာအတွက်ပါပဲ ။
အုပ်စု အေ မှာ ပွဲစဉ် ၂ ပြီးတဲ့ အထိ အီတလီ က ၆ မှတ် ၊ ဝေးလ် က ၄ မှတ် ၊ ဆွစ်ဇာလန် ၁ မှတ် ၊ တူရကီ သုည တို့ အစဉ်လိုက် ရပ်တည်နေကြပါတယ် ။ နောက်ဆုံးပွဲစဉ်မှာ အီတလီ က ဝေးလ် ၊ ဆွစ်ဇာလန် က တူရကီ နဲ့ ကစားရမှာပါ ။
အီတလီ အတွက်တော့ အနိမ့်ဆုံး သရေကျရုံ နဲ့ အုပ်စု ပထမရပါမယ် ။ ရှုံးခဲ့ရင်တောင် ဒုတိယနေရာက အသေအချာပါပဲ ။ ဝေးလ် ကတော့ အီတလီကို သရေကစားနိုင်မယ်ဆိုရင် ဒါမှမဟုတ် ဆွစ်ဇာလန် နိုင်ပွဲမရဘူး ဆိုရင် အုပ်စုတက်ဖို့ သေချာ သွားမှာပါ ။ ဆွစ်ဇာလန် ကတော့ တူရကီ ကို နိုင်မှ ဖြစ်ပြီး တစ်ဖက်မှာလည်း ဝေးလ် က အီတလီကို ရှုံးမှ အုပ်စု ဒုတိယနေရာကို မျှော်လင့်လို့ ရမှာပါ ။ တူရကီ ကတော့ တတိယနေရာထက်ပိုပြီး မမျှော်လင့်နိုင်တော့ပါဘူး ။
အုပ်စု ဘီမှာတော့ ဘယ်လ်ဂျီယံ က ၆ မှတ် ၊ ဖင်လန် နဲ့ ရုရှ က ၃ မှတ်စီ ရထားပြီး ဒိန်းမတ် က သုည ဖြစ်နေပါတယ် ။ နောက်ဆုံး ပွဲစဉ်မှာ ဘယ်လ်ဂျီယံ နဲ့ ဖင်လန် ၊ ရုရှ နဲ့ ဒိန်းမတ် တို့ ဆုံတွေ့ ကြမှာပါ ။
သရေကျရင် ဘယ်လ်ဂျီယံ အုပ်စုပထမ ဖြစ်ပါပြီ ။ ရုရှကတော့ အနိုင် ရရင်တက်ပါမယ် ၊ ဒါမှမဟုတ် ဖင်လန် က ဘယ်ဂျီယံကို မနိုင်ခဲ့ဘူးဆိုရင် သရေကျရုံနဲ့ နောက်တစ်ဆင့်တက်မှာပါ ။ ဖင်လန် ကတော့ ဘယ်လ်ဂျီယံကို နိုင်ရင် တက်ပါမယ် ၊ အဲ့လိုမှမဟုတ်ဘူး ဆိုရင်လည်း ရုရှ က ဒိန်းမတ်ကို ရှုံးသွားမယ်ဆိုရင် သရေကျရုံနဲ့ တက်မှာပါ ။ ဒိန်းမတ် ကတော့ အတော်မျှော်လင့်ရမှာပါ ၊ ရုရှ ကိုလည်း နိုင်ရမယ် ၊ ဖင်လန် ကလည်း ဘယ်ဂျီယံကို ရှုံးရမယ် ၊ ဂိုး ခြားနားချက်ကလည်း သူတို့အတွက် အသာရဖို့ ဖြစ်လာရဦးမှာပါ ။ မလွယ်ပါဘူး ။
အုပ်စု စီ မှာ နယ်သာလန် က နောက်ဆုံးပွဲမှာ မက်ဆီဒိုးနီးယား နဲ့ ဘယ်လို ရလဒ်ပဲထွက်ထွက် အုပ်စု ပထမ နေရာကို ရပြီး နောက်တစ်ဆင့် တက်မှာပါ ။ ယူကရိန်း နဲ့ သြစတြီးယားတို့ ပွဲမှာ နိုင်တဲ့လူက ဒုတိယရမှာ ဖြစ်ပြီး သရေဆိုရင် ယူကရိန်း နောက်တစ်ဆင့်တက်ပါတယ် ။ မြောက်မက်ဆီဒိုးနီးယားကတော့ ပွဲပြီးတာနဲ့ ပြန်ရုံပါပဲ ။
အုပ်စု ဒီ ကတော့ နောက်ဆုံးပွဲထိ အကျိတ်အနယ် ရှိနေမှာဖြစ်ပြီး ရှုပ်ထွေးတဲ့ အနေအထားတွေတောင် ဖြစ်လာနိုင်ပါတယ် ။ လက်ရှိ အချိန်ထိ ချက် နဲ့ အင်္ဂလန် က ၄ မှတ်စီ ၊ ခရိုအေးရှား နဲ့ စကော့တလန် တို့က ၁ မှတ်စီ ရထားကြပါတယ် ။ နောက်ဆုံးပွဲမှာ အမှတ်တူ ၂ သင်းတွေ့ ကြမှာပါ ။
တကယ်လို့ ချက် နဲ့ အင်္ဂလန် တို့ သရေကျသွားရင်တော့ ဘာမှ ရှုပ်ထွေးတော့မှာ မဟုတ်ဘဲ ချက်က ပထမ ၊ အင်္ဂလန် က ဒုတိယ နဲ့ တက်သွားကြမှာပါ ။ တကယ်လို့ ခရို နဲ့ စကော့ တို့ သရေကျရင်လည်း ချက် နဲ့ အင်္ဂလန် တို့ နောက်တစ်ဆင့် တက်ဖို့ သေချာသွားမှာ ပါပဲ ။
တကယ်လို့သာ ချက် က အင်္ဂလန် ကို ရှုံးသွားခဲ့မယ် ဆိုရင်တော့ ဟိုဘက်ပွဲ မှာ စကော့တလန် က ခရိုအေးရှားကို နိုင်သွားမှ ချက်တို့ နောက်တစ်ဆင့် တက်နိုင်ပါမယ် ။ တကယ်လို့ ခရိုသာ နိုင်သွားရင်တော့ ချက်တို့ အုပ်စု တတိယသာ ရမှာပါ ။
အင်္ဂလန် ကလည်း အတူတူပါပဲ ။ တကယ်လို့ သူတို့က ချက် ကို ရှုံးပြီး စကော့တလန် က ခရိုအေးရှား ကို နိုင်သွားခဲ့မယ်ဆိုရင် ဟယ်ရီကိန်း တို့ အုပ်စု တတိယ နေရာပဲ ရသွားမှာပါ ။ တစ်ပွဲပွဲ သရေကျသွားမယ်ဆိုရင် ကိစ္စပြတ်သွားမှာပါ ၊ ၂ ပွဲစလုံး အနိုင် အရှုံးပေါ်ရင်တော့ ရှုပ်ရှုပ်ထွေးထွေးတွေ ဖြစ်ကုန်ကြမှာပါပဲ ။
အုပ်စု အီး ၊ ဆွီဒင် ၄ မှတ် ၊ စလိုဗက်ကီးယား ၃ မှတ် ၊ စပိန် ၂ မှတ် ၊ ပိုလန် ၁ မှတ်ပါ ။ နောက်ဆုံးပွဲမှာ ဆွီဒင် က ပိုလန် နဲ့ ၊ စလိုဗက် က စပိန် နဲ့ ကစားရမှာပါ ။ ဆွီဒင် အတွက်ကတော့ သရေ ကစားရုံ နဲ့ နောက်တစ်ဆင့် တက်မှာပါ ။ တကယ်လို့ ဆွီဒင် က ပိုလန် ကို ရှုံးပြီး စလိုဗက် နဲ့ စပိန် တို့ သရေကျသွားမယ် ဆိုရင်တော့ ဆွီဒင် ၊ စလိုဗက် နဲ့ ပိုလန် ၃ သင်းက အမှတ်တူပြီး အဆင့် ၁ ကနေ ၃ အတွက် သူတို့ ၃ သင်းရဲ့ ပတ်လည်ရလဒ် တွေနဲ့ ဆုံးဖြတ်ကြရမှာပါ ။ တကယ်လို့ ဆွီဒင် က ပိုလန်ကို ရှုံးပြီး စလိုဗက် ဖြစ်ဖြစ် စပိန် ဖြစ်ဖြစ် နိုင်သွားခဲ့၇င်တော့ ဆွီဒင် တို့ တတိယ နေရာပဲ ရတော့မှာပါ ။ ဒီအုပ်စုကလည်း ဆွီဒင် ရဲ့ ရလဒ်အပေါ်မူတည်ပြီး ရှုပ်ရှုပ် ထွေးထွေးတွေ ဖြစ်လာနိုင်ပါတယ် ။
စလိုဗက် ကတော့ စပိန် ကို နိုင်ရင် ဒါမှမဟုတ် သူတို့ သရေကျလည်း ဆွီဒင် မရှုံးရင် နောက်တစ်ဆင့် တက်ပါမယ် ။ ပိုလန် ကတော့ ဆွီဒင် ကိုလည်း နိုင်ရဦးမယ် ၊ စပိန် နဲ့ စလိုဗက် တို့ကလည်း သရေပွဲ မဖြစ်ဘူး ဆိုမှ အုပ်စု ဒုတိယ နေရာ နဲ့ တက်မှာပါ ။ Chance နည်းပါတယ် ။ စပိန် ကလည်း စလိုဗက် ကို နိုင်မှ တက်မှာ ဖြစ်ပြီး မနိုင်ခဲ့ဘူးဆိုရင် ပိုလန် တို့ ဆွီဒင် ကို မနိုင်ဖို့ ဆုတောင်းရပါမယ် ။
မရဏ အုပ်စုဖြစ်တဲ့ အုပ်စု အက်ဖ် မှာတော့ ပြင်သစ် က ၄ မှတ် ၊ ပေါ်တူဂီ က ၃ မှတ် ၊ ဂျာမနီ က ၃ မှတ် ၊ ဟန်ဂေရီ က ၁ မှတ် နဲ့ ရပ်တည်နေကြပါတယ် ။ နောက်ဆုံးပွဲစဉ်မှာ ပေါ်တူဂီ နဲ့ ပြင်သစ် ၊ ဂျာမနီ နဲ့ ဟန်ဂေရီ တို့ ကစားကြမှာပါ ။
ဂျာမနီ အတွက်တော့ ဟန်ဂေရီ ကို နိုင်ရင် တက်ပါပြီ ၊ ဟိုဘက်မှာ ပြင်သစ် နိုင်ပွဲ မရခဲ့ဘူးဆိုရင် အုပ်စုဗိုလ်တောင် ဖြစ်သွားမှာပါ ။ ဒါမှမဟုတ်ရင်လည်း သူတို့ သရေကျပြီး တစ်ဖက်မှာ ပြင်သစ် က ပေါ်တူဂီ ကို မရှုံးခဲ့ဘူး ဆိုရင် ဂျာမန်တို့ ဒုတိယနဲ့ နောက်တစ်ဆင့် တက်မှာပါ။
ပေါ်တူဂီ ကတော့ ပြင်သစ် ကို အနိုင် ကန်နိုင်မယ်ဆိုရင် နောက်တစ်ဆင့် တက်ပါမယ် ။ တစ်ဖက်ပွဲက ဂျာမနီ ရှုံးခဲ့ရင် အုပ်စု ပထမ ရပါမယ် ။ တကယ်လို့ ပြင်သစ် နဲ့ သရေကျခဲ့မယ်ဆိုရင်တောင် ဂျာမနီ က ဟန်ဂေရီ ကို ရှုံးခဲ့မယ် ဆိုရင် နောက်တစ်ဆင့် တက်ဦးမှာပါ ။
ပြင်သစ် ကတော့ ပေါ်တူဂီ ကို သရေ ကစားရုံ နဲ့ နောက်တစ်ဆင့် တက်ဖို့ သေချာသွားမှာပါ ။ တကယ်လို့ ပေါ်တူဂီ ကို ရှုံးခဲ့ရင်တောင်မှ တစ်ဖက်ပွဲစဉ် က သရေရလဒ် ထွက်ခဲ့မယ်ဆိုရင် ပြင်သစ်တို့ နောက်တစ်ဆင့် တက်ခွင့် ရဦးမှာပါ ပဲ ။ တကယ်လို့ ပြင်သစ် ရှုံးပြီး ဟန်ဂေရီ က ဂျာမနီ ကို နိုင်သွားရင်တော့ ဒုတိယနေရာ အတွက် ပြင်သစ် နဲ့ ဟန်ဂေရီ တို့အကြားက ဂိုးကွာခြားချက်ကို နှိုင်းယှဉ် ရတော့မှာပါ ။ ပြင်သစ်ကို အုပ်စု တတိယ ရစေမယ့် နောက်ထပ် အကြောင်းကတော့ ပေါ်တူဂီကို သူတို့ရှုံးပြီး ဂျာမနီ နိုင်သွားခဲ့ရင်ပါပဲ ။
ဟန်ဂေရီ မှာလည်း မျှော်လင့်ချက် ရှိပါသေးတယ် ။ ဒါပေမယ့် ဒါတွေအားလုံးက သူတို့ ဂျာမနီ ကို အနိုင် ကစားမှ ဖြစ်လာမှာပါ ။ တကယ်လို့ သူတို့က ဂျာမနီ ကို နိုင်ခဲ့မယ် ဆိုရင် တစ်ဖက်ကပွဲမှာ ပေါ်တူဂီ ရှုံးဖို့ ဆုတောင်းရမှာပါ ။ ဒါဆိုရင် အုပ်စု ဒုတိယ အဖြစ်နဲ့ တက်နိုင်ပါတယ် ။ တကယ်လို့ ပေါ်တူဂီ က ပြင်သစ်ကို နိုင်သွားမယ် ဆိုရင်တော့ ဟန်ဂေရီ – ပေါ်တူဂီ အကြားမှာ ဂိုးကွာခြားချက် နဲ့ ဆုံးဖြတ်မှာ ဖြစ်ပါတယ် ။ တကယ်လို့ ပြင်သစ် – ပေါ်တူဂီ ပွဲက သရေကျခဲ့ရင်တော့ ဟန်ဂေရီ တို့ တတိယ ရမှာပါ ။ ဂျာမနီ ကို မနိုင်ရင်တော့ အပေါ်ကပြောတာတွေ ဘာတစ်ခုမှ ဖြစ်လာမှာ မဟုတ်ပါဘူး ။