စပိန်ထိပ်သီး ဘာစီလိုနာအသင်းသည် ယူရိုသန်း (၅၀)ဖြင့် ခေါ် ယူခွင့်ရှိနေသည့် မန်စီးတီးတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို အသင်းဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးနေရာတွင် အစားထိုးခေါ်ယူရန်ပစ်မှတ်ထားနေကြောင်း သိရသည်။
အသက် (၂၃) နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်သည် ၂၀၂၂ တွင် အာဂျင်တီးနားကလပ် ရေးဗားပလိတ်အသင်းမှ မန်စီးတီးအသင်းထံသို့ ပေါင် (၁၄)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
၎င်းသည် ပြီးခဲ့သည့် ၂၀၂၂- ၂၃ ရာသီက ဖလားသုံးလုံးရ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၄၉)ပွဲတွင် (၁၇) ဂိုးသွင်းယူခဲ့သလို၊ ယခုရာသီတွင်လည်း ပြိုင်ပွဲစုံ (၁၃) ပွဲတွင် (၆) ဂိုး သွင်းယူထားသည်။
စပိန်သတင်းစာ Marca ၏ ဖော်ပြချက်အရ ဘာစီလိုနာအသင်းသည် အသင်းဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီး(၃၅ နှစ်)၏ နေရာတွင် အစားထိုးရန် အယ်လ်ဗာရက်ဇ်ကို စိတ်ဝင်စားနေကြောင်း သိရှိရသည်။
အယ်လ်ဗာရက်ဇ်သည် မန်စီးတီးအသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသော်လည်း ၎င်း၏စာချုပ်တွင် ယူရိုသန်း (၅၀) (ပေါင် ၄၃.၄ သန်း) ဖြင့် အသင်းပြောင်းရွှေ့ခွင့်ရှိသည်ဆိုသောအချက်ပါဝင်ကြောင်း သိရှိရသည်။ ၎င်းကိုခေါ်ယူရန် ဘာစီလိုနာ အပြင် ရီးယဲလ်အသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။